လူငယ်ပိုင်းမှာတင် သွေးတိုးရောဂါဖြစ်ရခြင်းအကြောင်းအရင်း
1. မိသားစုမျိုးရိုးလိုက်ခြင်း
သွေးတိုးရောဂါက မျိုးရိုးလိုက်တဲ့ရောဂါဖြစ်ပါတယ်။ မိဘတွင်သွေးတိုးရောဂါရှိပါက လူငယ်ပင်ဖြစ်လင့်ကစား သားသမီးများအနေဖြင့် သွေးပေါင်ချိန်ကိုအမြဲတိုင်းတာဖို့လိုအပ်ပါတယ်။ မျိုးရိုးဗီဇကိုပြောင်းလဲလို့မရနိုင်ပေမဲ့ ကျန်းမာသောနေထိုင်စားသောက်မှုပုံစံကိုလိုက်နာခြင်းဖြင့် သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ပါတယ်။
2. အ၀လွန်ခြင်း
ရောဂါထူပြောတဲ့သူတွေကိုကြည့်လိုက် များသောအားဖြင့် အ၀လွန်နေသူချည်းပါဘဲ။ အ၀လွန်ခြင်းဟာ ရောဂါပေါင်းစုံကိုဖိတ်ခေါ်နေပါတယ်။ သွေးတိုးရောဂါသာမက ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းခြင်းနှင့် အယ်ဇိုင်းမာရောဂါတွေဟာ အ၀လွန်သူတွေမှာအဖြစ်များပါတယ်။
3. ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် ကိုယ်အလေးချိန်တက်လာတာနှင့်အမျှ နှလုံးကို၀န်ပိစေပါတယ်။ ဒါကြောင့်နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတစ်ခုပြုလုပ်ပါ။ ပုံမှန်လုပ်နေကျမရှိလျှင် လမ်းဖြည်းဖြည်းလျှောက်ခြင်းဖြင့် စတင်လိုက်ပါ။
4. ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ရဲ့ဆိုးကျိုးတွေကတော့ ပြောလို့မကုန်နိုင်အောင်ပါတဲ့။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်က သွေးကြောတွေကိုကျဉ်းမြောင်းစေတာကြောင့် သွေးဖိအားများခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ ကိုဖြစ်စေပါတယ်။ ပါ၀င်တဲ့ ဓာတုပစ္စည်း 4800 ကျော်ကြောင့် သွေးကြောတွေမာကျောလာပါတယ်။ ပမာဏသည် စီးကရက်အငွေ့တွင်ပါ၀င်သော ကာဘွန်မိုနောက်ဆိုဒ်က သွေးထဲရှိအောက်ဆီဂျင်ပမာဏကိုလျော့နည်းစေတာကြောင့် နှလုံးမှသွေးညှစ် ထုတ်ခြင်းကို မြန်ဆန်စေကာ သွေးတွင်းရှိဖိအားကိုမြင့်တက်စေပါတယ်။
5. မွေးဖွားချိန်တွင် ပေါင်မပြည့်လမစေ့ခြင်း
ပေါင်မပြည့်လမစေ့ဘဲမွေးဖွားလာတဲ့သူတွေမှာ သွေးတိုးရောဂါဖြစ်နိုင်ချေမြင့်မားတယ်လို့ လေ့လာမှု တစ်ခုမှာဖော်ပြထားပါတယ်။ စောစောမွေးလေလေ၊ သွေးတိုးရောဂါဖြစ်နိုင်ချေမြင့်မားလေလေပါဘဲ။
Dr. Htet Htet Aung (www.drmyanmar.com)
















