လူစုလူဝေးပွဲများနှင့် ကူးစက်ရောဂါများ
ကူးစက်ရောဂါတွေ ပြန့်ပွားနေချိန်မှာ စနစ်တကျနဲ့ ဂရုတစိုက် ကြိုတင်စီစဉ်ထားမှုမရှိတဲ့ လူစူလူဝေးပွဲတွေဟာ လူထုကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို နောက်ဆက်တွဲဆိုးကျိုးတွေ ထပ်တိုးစေနိုင်ပါတယ်။ တုပ်ကွေးရောဂါ၊ တီဘီရောဂါနဲ့ COVID-19 ရောဂါကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေရဲ့ ပြန့်ပွားနှုန်းဟာ လူစုလူဝေးပွဲတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။
လူစုလူဝေးပွဲတစ်ခုမှာ ရောဂါရှိနေတဲ့လူတစ်ယောက်ကနေ တခြားလူအများကြီးကို ကူးစက်သွားနိုင်ပြီး အိမ်ကမိသားစု အသီးသီးကို ထပ်ဆင့်ကူးစက်ကြတဲ့အခါ ပြန့်ပွားမှုဟာ ကြီးမားလာပါတော့တယ်။
လူစုလူဝေးပွဲဆိုတာကတော့ ကြီးမားတဲ့ အစည်းအဝေးပွဲများ၊ ညီလာခံများ၊ ပွဲကြည့်ပရိသတ်များတဲ့ အားကစားပွဲများ၊ နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့်ပွဲများကို အဓိကဆိုလိုခြင်းပဲ ဖြစ်ပါတယ်။လူစုလူဝေးပွဲတွေကို ထိန်းချုပ်တဲ့အခါမှာ တရားစီရင်ရေးရာပွဲတွေ၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းဓလေ့ရိုးရာအရ ကျင်းပရတဲ့ ပွဲတွေလည်း ပါဝင်တတ်တာကြောင့် ရောဂါကိုသုံးသပ်ဖို့ ပွဲတာဝန်ခံတွေက ကျွမ်းကျင်သူတွေနဲ့ ကြိုတင်တွက်ချက်စီစဉ်ဖို့ လိုအပ်ပါတယ်။ ရောဂါသုံးသပ်မှုဆိုတာကတော့ ကူးစက်မှုနှုန်း၊ ရောဂါပြင်းထန်မှု၊ ကိုယ်ခန္ဓာထဲတွင် ရောဂါပေါက်ပွားချိန်၊ ကုသနည်း၊ ကာကွယ်နည်း၊ ပွဲအတွင်းရှိ လူဦးရေပမာဏ၊ လူအချင်းချင်း ထိတွေ့နိုင်မည့်ပုံစံအခြေအနေတို့ကို ကြိုတင်တွက်ချက်ရတာပဲ ဖြစ်ပါတယ်။
>> ရောဂါမပြန့်ပွားရန်ထိန်းချုပ်မှု နည်းလမ်းများ
(၁) ပွဲတက်ရောက်မည့်သူများကို ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း၊ မိမိကိုယ်တိုင်နှင့် အခြားသူများကိုပါ ရောဂါမကူးစက်စေရန် ကာကွယ်နည်းများကို ကြိုတင်ပြောပြထားခြင်း
(၂) တစ်ဦးချင်းသာမက မိမိတို့ပတ်ဝန်းကျင်ကိုပါ ရောဂါကာကွယ်ဖို့ တိုက်တွန်းရန် အားပေးရှင်းပြခြင်း
(၃) တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ ဝေးဝေးနေရန် (အနည်းဆုံး နှစ်မီတာအကွာ)၊ လက်ဆွဲနှုတ်ဆက်မှုကို ရှောင်ကြဉ်ရန်၊ အများသုံးပစ္စည်းတွေကို တတ်နိုင်သမျှ မထိတွေ့ရန် သတိပေးထားခြင်း
(၄) အစားအစာများကို ကိုယ်တိုင်ယူပုံစံဖြင့် ဧည့်ခံမှုမပြုခြင်း
(၅) မြင်သာသောနေရာများတွင် ရေမလို လက်သန့်ဆေးရည်များ အလုံအလောက် ထားရှိပေးထားခြင်း
(၆) အစားအသောက်များကို တစ်ဦးနှင့်တစ်ဦး ဝေမျှစားသောက်ခြင်းကို တားမြစ်ပေးထားခြင်း
(၇) ဖျားနာနေသူများနှင့် ရောဂါကူးစက်ခံရရန် အခွင့်အလမ်းများသူများကို ပွဲမတက်ရောက်ရန် အသိပေး အကြောင်းကြားထားခြင်း၊
(၈) တက်ရောက်လာသူများတွင် ဖျားနာနေသူရှိလာပါက သီးသန့်နေရာပြင်ဆင်၍ ရောဂါအခြေအနေကို ဆက်လက်စစ်ဆေးခြင်း
(၉) လိုအပ်ပါက ပွဲကို ဖျက်သိမ်းခြင်း၊ ခေတ္တရွှေ့ဆိုင်းခြင်းနဲ့ ပြန်လည်ပြင်ဆင်ခြင်းတို့ ပြုလုပ်ခြင်း (သင့်တော်ပါက Live လွှင့်ခြင်း၊ တစ်ဦးချင်း တက်ရောက်ခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ ဝေးဝေးနေ၍ တက်ရောက်စေခြင်း) တို့ကို ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။
ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)
















