လူတွေကို အချိန်တိုအတွင်း အသက်ဆုံးရှုံးစေတတ်တဲ့ ပန်ကရိယကင်ဆာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေဖြစ်မလဲ
မကြာသေးမီက နိုင်ငံကျော်အဆိုတော်ကြီး ဦးခိုင်ထူး ပန်ကရိယကင်ဆာကြောင့် စောစီးစွာ ကြွေလွင့်သွားခဲ့တာ သိကြပြီးဖြစ်ပါလိမ့်မယ်။ ပင်ကရိယကင်ဆာဟာ ယောက်ျားမိန်းမ မရွေးတွင် ဖြစ်နိုင်ပြီး ကင်ဆာကြောင့် အသက်သေဆုံးစေသောရောဂါများအနက် အဆင့် ၄ တွင် တည်ရှိပါတယ်။
စောစီးသောကာလတွင် သိရှိပါက ၅ နှစ်လောက် ဆက်လက်အသက်ရှင်ဖို့ အခွင့်အလမ်း ၈၅ ရာနှုန်းရှိပေမယ့် နောက်ကျမှသိရရင်တော့ အသက်ရှင်ဖို့ ရာနှုန်းနည်းပါးတာမို့ အချိန်မီသိရှိဖို့အတွက် ရောဂါလက္ခဏာတွေက ဘာတွေလဲဆိုတာ သိထားသင့်ပါတယ်။
>> ရောဂါလက္ခဏာ (၁) အသားဝါခြင်း
မျက်စိနဲ့ အရေပြားများ ဝါလာတတ်ပြီး အသားဝါခြင်းဖြစ်စေသော အကြောင်းရင်းများစွာ ရှိတတ်ပါတယ်။ ပန်ကရိယဆီက အကြိတ်ဟာ အသည်းကိုပါ ထိခိုက်တိုးဝင်လာပါက အသားဝါခြင်း ပိုမိုဆိုးရွားလာတတ်ပြီး ကင်ဆာရဲ့ အစောပိုင်းကာလတွင်ကော နောက်ကျတဲ့အဆင့်မှာကော အသားဝါခြင်းကို တွေ့ရှိရတတ်ပါတယ်။
>> ရောဂါလက္ခဏာ (၁) ဆီးအရောင်ရင့်ခြင်း
ခန္ဓာကိုယ်တွင် ဘီလီရူဘင်ခေါ် အဝါဓာတ်များ စုပုံနေခြင်းကြောင့် အသားဝါခြင်း ဖြစ်ပေါ်တတ်သလို ဆီးအရောင်ရင့်ခြင်းပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဆီးရင့်ခြင်းဖြစ်ပေါ်ပါက ပန်ကရိယရှိ ကင်ဆာအကြိတ်ဟာ ပိုမိုကြီးထွားလာတာကိုပါ ညွှန်ပြနေပါတယ်။ ဒါကြောင့် ဆရာဝန်ဆီ အမြန်ဆုံးပြေးသင့်နေပါပြီ။
>> ရောဂါလက္ခဏာ (၃) ဝမ်းတွင် အဆီပါခြင်း
အဆီဝမ်းတွေသွားနေပြီဆိုပါက သင့်ပန်ကရိယတွင် ကင်ဆာကြိတ်များ ရှိနေပြီလားဆိုတာ သတိပြုသင့်ပါတယ်။ အကြိတ်ကြီးထွားလာတာနဲ့အမျှ သည်းခြေပြွန်ကို သွားရောက်ပိတ်ဆို့ရာကနေ အဆီဝမ်းသွားခြင်း ဖြစ်စေပါတယ်။
>> ရောဂါလက္ခဏာ (၄) ဝမ်းအရောင်ရင့်ခြင်း
ဝမ်းအဆီပါရုံတင်မက ဝမ်းအရောင်ပါ နဂိုထက် ရင့်လာတတ်ပါတယ်။ အစာချေလမ်းကြောင်းပေါ်သို့ ရောက်ရှိရမယ့် ပန်ကရိယအရည်များနဲ့ သည်းခြေရည်တို့ဟာ ကင်ဆာကြိတ်များကြောင့် မရောက်နိုင်တော့ဘဲ ဝမ်းတွင် သွားရောက်စုပုံခြင်းကြောင့် ဖြစ်ပါတယ်။
>> ရောဂါလက္ခဏာ (၅) အရေပြားယားခြင်း
သင့်ကို အချိန်မီအသက်ကယ်တင်ဖို့ ညွန်ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အရေပြားဝါခြင်းအပြင် ယားယံခြင်းပါ ဖြစ်ပေါ်နေပြီဆိုပါက အရေးပေါ်ဆေးကုသဖို့ ခံယူသင့်ပါပြီ။ ကိုယ်ထဲတွင် ဘီလီရူဘင်များ အလွန်အမင်းစုပုံနေခြင်း၊ အစာချေစနစ်အတွက် ဓာတ်များ မလုံလောက်ခြင်းနဲ့ ဇီဝဖြစ်စဉ် နှေးကွေးခြင်းတို့ကို ပြသနေပါတယ်။ တစ်ကိုယ်လုံး ပျံ့နှံ့ယားတတ်သလို ကြက်သီးထသလို အစုလိုက်ယားခြင်းလည်း ဖြစ်နိုင်ပါတယ်။
သင့်တွင် အထက်ပါ လက္ခဏာများ ရှိနေပြီဆိုပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးမှု ခံယူဖို့ မမေ့နဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















