/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူ့ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး-သင်မသိသေးသည့်-အံ့ဖွယ်အချက်များ

လူ့ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး သင်မသိသေးသည့် အံ့ဖွယ်အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         လူ့ခန္ဓာကိုယ်ဟာ တစ်ချိန်လုံး မရပ်မနားလည်ပတ်နေတဲ့ စက်ယန္တရားတစ်ခုဖြစ်ပြီး ဇီဝကမ္မဖြစ်စဉ်တွေ အမြဲတမ်းပြောင်းလဲဖြစ်ပေါ်နေတဲ့ သဘာဝရဲ့အကြီးဆုံးအံ့ဖွယ်ကြီးတစ်ခု ဖြစ်ပါတယ်။ အဲဒီလို အံ့ဖွယ်သင့်ခန္ဓာကိုယ်မှာ သင်မသိသေးတဲ့ အောက်ပါအံ့ဖွယ်အချက်တွေရှိပါသေးတယ်။

၁။ သင့်ခန္ဓာကိုယ်အလေးချိန်မှာ အဆီတစ်ပေါင်တိုးတိုင်း ခုနစ်မိုင်လောက်ရှိတဲ့ သွေးကြော အသစ်တွေဖြစ်ပေါ်ပါတယ်။

         တိုးပွားလာတဲ့ တစ်သျှူးတွေအတွက် သွေးထောက်ပံ့မှုလိုအပ်တာကြောင့် သွေးကြောတွေ အသစ် ဖြစ်ပေါ်ရပါတယ်။ နှလုံးကလည်း သွေးကြောအသစ်များဆီပါ သွေးရောက်ရှိစေရန် အလုပ်ပိုလုပ်ရပြီး ပိုမိုခွဲဝေရတဲ့အတွက် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ရရှိမှုဟာ ရှိရင်းစွဲ တစ်သျှူးတွေဆီမှာ လျော့ကျသွားပါတယ်။ အဲဒီအလေးချိန်တစ်ပေါင်လျော့ကျသွားလျှင်တော့ မလိုအပ်တော့တဲ့ သွေးကြောတွေကို ခန္ဓာကိုယ်က ပြန်လည်ချေဖျက်စုပ်ယူသွားပါတယ်။

၂။ ကြွက်သားတွေဟာ အဆီတွေထက် စွမ်းအင်သုံးစွဲမှု သုံးဆပိုများပါတယ်။

        ဒီအချက်ကြောင့်ပဲ လူတွေဟာ ကြွက်သားတွေ ပိုမိုကြီးထွားလာအောင် လေ့ကျင့်ကြတာ ဖြစ်ပါတယ်။ ကြွက်သားပိုရှိလျှင် ကယ်လိုရီစွမ်းအင်တွေပိုမိုလောင်ကျွမ်းပြီး အဆီပိုနည်းပြီး ကျစ်ကျစ် လျစ်လျစ်နဲ့ ကျန်းမာသန်စွမ်းတဲ့ပုံပေါက်ပါတယ်။

 ၃။ လူတစ်ယောက်ဟာ ညနေခင်းထက် နံနက်ခင်းမှာ အရပ်ပိုရှည်ပါတယ်။

        နံနက်ခင်းနိုးထချိန်ဟာ လူတစ်ယောက်အတွက် အရပ်အရှည်ဆုံးအချိန်ဖြစ်ပါတယ်။ နံနက် ခင်းနိုးထချိန်မှာ ကျောရိုးဆစ်အရိုးနုပြား (spinal discs) တွေကြားမှာ အရည်ပိုများတာကြောင့် လူတစ်ယောက်အနေနဲ့ ပျမ်းမျှအားဖြင့် လက်မဝက်လောက်ပိုရှည်တတ်ပါတယ်။ နေ့ဘက်မှာ မတ်တပ်ရပ်ရတဲ့ ဝန်ကြောင့် ကျောရိုးဆစ်အရိုးနုပြားတွေ အဖိခံရပြီး အရည်တွေဆုံးရှုံးသွားပေမယ့် အိပ်စက်ချိန်အတွင်းမှာ အရည်တွေပြန်ပြည့်လာတာဖြစ်ပါတယ်။

၄။ အစာအိမ်ဟာ သုံးရက်တစ်ခါ အမြှေးလွှာအသစ်ထုတ်ပါတယ်။

         အစာချေဖျက်မှုလုပ်ငန်းစဉ်မှာ အစာအိမ်ဟာ  ဟိုက်ဒလိုကလိုရစ်အက်ဆစ်ဓာတ်ကို ထုတ်ပါ တယ်။ ဟိုက်ဒလိုကလိုရစ်ဟာ သတၳုတွေသန့်စင်ရာမှာအသုံးပြုတဲ့ ပြင်းထန်တဲ့အက်ဆစ်ဓာတ် တစ်မျိုးဖြစ်ပါတယ်။ အစာအိမ်ကထုတ်တဲ့ ဟိုက်ဒလိုကလိုရစ်ဓာတ်ဟာလည်း ပြင်းထန်တဲ့အတွက် အစာအိမ်နံရံတွေကိုပြန်မချေဖျက်မိဖို့ အစာအိမ်ဟာ အချွဲတွေနဲ့ အမြှေးလွှာကိုတည်ဆောက်ပြီး အစာအိမ်နံရံကို ကာကွယ်မှုလုပ်ထားတာကြောင့် အစာကိုပဲချေဖျက်ပြီး အစာအိမ်နံရံကို မချေဖျက်မိတာပါ။

၅။ ရေဂါလန်ဝက်ကို ပွက်ပွက်ဆူစေနိုင်တဲ့ အပူဓာတ်ကို ခန္ဓာကိုယ်က နာရီဝက်အတွင်း ထုတ်လွှတ် နိုင်ပါတယ်။

         လေ့ကျင့်ခန်းလုပ်ခြင်း၊ ဇီဝကမ္မဖြစ်စဉ်များဖြစ်ပေါ်ခြင်း၊ ခန္ဓာကိုယ် မျှခြေထိန်းညှိခြင်း စတဲ့ ခန္ဓာကိုယ်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာမှန်သမျှမှာ အပူဓာတ်ထုတ်လွှတ်နေပြီး ချွေးထွက်ချိန်၊ အသက်ရှူထုတ်ချိန်၊ ဆီးသွားချိန်၊ ဝမ်းသွားချိန်တို့မှာ အပူဓာတ်ကို စွန့်ထုတ်ပါတယ်။

၆။ အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။

        အသည်း၊ နှလုံး၊ ကျောက်ကပ်တို့လိုပဲ လူ့အရေပြားဟာလည်း ကို်ယ်အင်္ဂါအစိတ်အပိုင်း တစ်ခုပါ။ ပျမ်းမျှအမျိုးသားတစ်ယောက်အရေပြားဟာ စတုရန်းပေ ၂၀ ကိုကာကွယ်ပေးထားရပြီး ပျမ်းမျှ အမျိုးသမီးတစ်ယောက်ရဲ့အရေပြားကတော့ ၁၇စတုရန်းပေလောက်ရှိပါတယ်။ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၂ ရာခိုင်နှုန်းဟာ အရေပြားကြောင့်ဖြစ်ပြီး စက္ကန့်အနည်းငယ်အတွင်း အရေပြား ဆဲလ်ပေါင်း ၄၅၀၀၀ လောက် အသစ်ဖြစ်ပေါ်လဲလှယ်နေပါတယ်။ အချိန်တိုင်း ဆဲလ်အဟောင်းတွေ ကြွေကျပြီးဆဲလ်အသစ်ဖြစ်ပေါ်နေတာပါ။

၇။ အသက် ၁၈ နှစ်မှာ လူ့ဦးနှောက်ဟာ ဖွ့ံဖြိုးမှုရပ်တန့်သွားပါတယ်။

        အသက် ၁၈နှစ်ကစပြီး နေ့စဉ် ဦးနှောက်ဆဲလ်ပေါင်း ၁၀၀၀ ကျော် ဆုံးရှုံးနေပါတယ်။ ဦးနှောက်ရဲ့ အရောင်ရင့်အစိတ်အပိုင်း (grey matter) ဟာ လူ့ခန္ဓာကိုယ်အလေးချိန်၂ ရာခိုင်နှုန်းသာ ရှိပေမယ့် ထုတ်လုပ်တဲ့စွမ်းအင်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကို အသုံးချနေရပါတယ်။ ဦးနှောက်ဟာ တစ်ချိန်လုံး အလုပ်လုပ်နေပြီး အိပ်စက်ချိန်မှာပင်အနားမယူပါ။ အိပ်စက်စဉ် အိပ်မက်မြင်မက်ခြင်းကို လုပ်ဆောင်ရတဲ့အပြင် နေ့အချိန်မှာ ပုံမှန်အတိုင်းအလုပ်လုပ်နိုင်ရန်အတွက်လည်း စွမ်းအားပြန်လည် ဖြည့်တင်းခြင်းကို လုပ်ဆောင်ရပါတယ်။

၈။ လူ့ခန္ဓာကိုယ်မှာ ကြွက်သားအမျှင်ပေါင်း ၆၀၀ ကျော်နှင့် အရိုးပေါင်း ၂၀၆ ခု ရှိပါတယ်။

        တကယ်လို့သာ လူ့ခန္ဓာကိုယ်ရှိ ကြွက်သားအမျှင်ပေါင်း ၆၀၀ ကျော်လုံး တူညီတဲ့ဖက်ကိုပဲ ဆွဲနိုင်ခဲ့မယ်ဆိုရင် အလေးချိန် တန် ၂၀ ကျော်ကိုပင် မနိုင်မှာဖြစ်ပါတယ်။ လူကြီးတစ်ယောက်ရဲ့ အရိုးစုအဖွဲ့ဟာလည်း အရိုး ၂၀၆ ရိုးနဲ့ဖွဲ့စည်းထားပြီး အသက်တစ်နှစ်အောက်ကလေးငယ်မှာဆိုရင် အရိုးပေါင်း ၃၅၀ ခန့်တောင် ရှိပါတယ်တဲ့။ အချိန်ကြာမြင့်လာတာနဲ့အမျှ အချို့အရိုးတွေဟာ ဆက်သွားပြီးတော့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့အရိုးဟာ ၂၀၆ ရိုး ကျန်ရှိခဲ့တာဖြစ်ပါတယ်။

၉။ လူ့နှလုံးက တစ်နာရီအတွင်း ညှစ်ထုတ်တဲ့ သွေးပမာဏဟာ ရေတစ်ကွတ် (တစ်ဂါလန်ရဲ့ လေးပုံတစ်ပုံ) ဟာ နေ့စဉ် လေးလတိတိသောက်ရတဲ့ ပမာဏနဲ့တူညီပါတယ်။

        လူ့သက်တမ်းတစ်လျှောက်မှာ ပုံမှန်နှလုံးခုန်နှုန်းအတိုင်း နှလုံးကသွေးညှစ်ထုတ်ပေးခဲ့တဲ့ ပမာဏဟာ ဧရာမဆီလှောင်ကန်ကြီး ၁၃ကန်ကို လုံလုံလောက်လောက်ဖြည့်လို့ရအောင် များပါတယ်။ ပျမ်းမျှအားဖြင့် လူတစ်ယောက်ရဲ့နှလုံးဟာ တစ်နှစ်ကို အကြိမ် သိန်းလေးရာ (၄၀,၀၀၀,၀၀၀)ခုန်ပြီး လူ့ဘဝသက်တမ်းတစ်လျှောက် နှလုံးခုန်နှုန်း အကြိမ်ပေါင်း သန်းနှစ်ထောင့်ခြောက်ရာအထိ ရှိပါတယ်။ ဒါတောင် လေ့ကျင့်ခန်းလုပ်ချိန်မှာ ပိုလာတဲ့နှလုံးခုန်နှုန်းကို ထည့်မတွက်ရသေးပါဘူး။

 

Dr. Thanda Lin

www.drmyanmar.com