/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေပြွန်ရောင်ရမ်းခြင်း

လေပြွန်ရောင်ရမ်းခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            အဆုတ်လေပြွန်ရောင်ရမ်းခြင်းမှာ လတ်တလောရောင်ရမ်းခြင်းနှင့် နာတာရှည်ရောင်ရမ်းခြင်းဆိုပြီး အမျိုးအစား 2 မျိုး ရှိပါတယ်။ လတ်တလေရောင်ရမ်းခြင်းမှာ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်ပြီး ရက်ပိုင်းအတွင်း သက်သာသွားလေ့ရှိပါတယ်။ တစ်ခါဖြစ်လျှင်အနည်းဆုံး 3 လကြာမြင့်ပြီး နှစ်နှစ်ဆက်တိုက်ဖြစ်လာပါက နာတာရှည်လေပြွန်ရောင်တယ်လို့ဆိုရမှာပါ။ ဆေးလိပ်သောက်ခြင်းကြောင့် နာတာရှည်လေပြွန်ရောင်ရမ်းခြင်းဖြစ်နိုင်ပြီး နာတာရှည်အသက်ရှုလမ်းကြောင်းပိတ်ဆို့ခြင်းဆိုင်ရာရောဂါတွေထဲမှ အခြေအနေတစ်ခုဖြစ်တာကြောင့် ကုသမှုခံယူဖို့လိုအပ်ပါတယ်။

♦ ရောဂါလက္ခဏာတွေကတော့

- ချောင်းဆိုးခြင်း

- ကြည်လင်သော (သို့) အဖြူရောင်၊ ဝါဖန့်ဖန့် (သို့) အစိမ်းရောင်ရှိသော သလိပ်များထွက်ခြင်း

- သလိပ်တွင်သွေးပါခြင်း

- နုံးခွေခြင်း

- အသက်ရှုမဝခြင်း

- ချမ်းတုန်ဖျားခြင်း

- ရင်ကြပ်ခြင်း

♦ ဖြစ်ပွားရတဲ့အကြောင်းရင်း

        ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်နှင့် ဆင်တူပါတယ်။

          နာတာရှည်လေပြွန်ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ ဆေးလိပ်သောက်သုံးခြင်းဖြစ်ပြီး လေထုညစ်ညမ်းခြင်းနှင့် အဆိပ်အတောက်ရှိတဲ့ဓာတ်ငွေ့များ ရှုရှိုက်မိခြင်းကြောင့်လည်း လေပြွန်ရောင်ရမ်းနိုင်ပါတယ်။

♦ လေပြွန်ရောင်ရမ်းခြင်းကို မြင့်တက်စေတဲ့အကြောင်းအရင်းများ

1. ဆေးလိပ်သောက်သုံးခြင်း

        ဆေးလိပ်သောက်သုံးသူကိုယ်တိုင်သာမက ဆေးလိပ်ငွေ့ရှုရှိုက်မိသူတွေပါ လေပြွန်ရောင်ဖို့အလားအလာ ပိုများပါတယ်။

2. ခုခံအားနည်းခြင်း

        အအေးမိခြင်းကြောင့်ဖြစ်စေ နာတာရှည်ရောဂါခံစားနေရခြင်းကြောင့် ခုခံအားနည်းနေချိန်မှာဖြစ်စေ လေပြွန်ရောင်နိုင်ပါတယ်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၊ ဓာတုဗေဒဓာတ်ငွေ့နှင့် ထိတွေ့မှုရှိသူများ၊ အဝတ်အထည်၊ စက်ရုံလုပ်ငန်းများတွင် အလုပ်လုပ်သူများ မှာ လေပြွန်ရောင်ခြင်းဖြစ်နိုင်ချေပိုများပါတယ်။

3. စာချဉ်ပြန်ရောဂါရှိသူများ

        မကြာခဏစာချဥ့်ပြန်ခြင်းက လည်းချောင်းကိုယားယံစေတာကြောင့် လေပြွန်ရောင်နိုင်ချေပိုများပါတယ်။

♦  နောက်ဆက်တွဲဆိုးကျိုးများ

        တခါတရံလေပြွန်ရောင်ခြင်းက ပြဿနာမရှိနိုင်ပေမယ့် အဆုတ်ရောင် နမိုးနီးယားရောဂါဖြစ်ဖို့ ဦးတည်နေနိုင်ပါတယ်။

          မကြာခဏလေပြွန်ရောင်ရမ်းခြင်းက နာတာရှည်အသက်ရှုလမ်းကြောင်းပိတ်ဆို့ခြင်းဆိုင်ရာ ရောဂါရှိနေနိုင်တယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။

♦ စစ်ဆေးခြင်း

        နာမကျန်းဖြစ်တဲ့ အစောပိုင်းရက်တွေမှာ သာမန်အအေးမိတာနှင့် ခွဲခြားဖို့ခက်ခဲပါလိမ့်မယ်။

          ဆရာဝန်က အထွေထွေကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ ရင်ဘတ်ကိုနားကြပ်ဖြင့်နားထောင်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် ရှုသွင်းရှုထုတ်လုပ်သော လေထုထည်ပမာဏတိုင်းတာသော ကိရိယာ (Spirometer) ကို အသုံးပြုပြီးအသက်ရူခြင်းလုပ်ငန်းများအား စမ်းသပ်ခြင်းတို့ကိုပြုလုပ်ပေးပါလိမ့်မယ်။

♦ ကုသမှု

        ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းရဲ့ရလဒ်ဖြစ်တာကြောင့် လေပြွန်ရောင်တဲ့သူအများစုဟာ နှစ်ပတ်အတွင်းမှာ သက်သာသွားလေ့ရှိပါတယ်။ ပဋိဇီဝဆေးဝါးသောက်သုံးဖို့ မလိုအပ်ပါဘူး။

          လိုအပ်ပါက ဆရာဝန်ကချောင်းဆိုးပျောက်ဆေးနှင့် ပဋိဇီဝဆေးဝါး (ဘက်တီးရီးယားရောဂါပိုးကူးစက်ခံရတယ်လို့ သံသယရှိပါက) တွေ ညွှန်ကြားပါလိမ့်မယ်။

          နာတာရှည်လေပြွန်ရောင်ရောဂါရှိသူတွေအနေဖြင့် pulmonary rehabilitation လို့ခေါ်တဲ့ အသက်ရူလေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။

♦ အိမ်တွင်းကုထုံးနှင့် ကာကွယ်ခြင်း

- အနံ့ပြင်းပြင်းရှိတဲ့ အိမ်သုတ်ဆေး၊ သန့်စင်ဆေးရည် စတာတွေကိုရှောင်ကြဉ်ပါ။

- လေထုညစ်ညမ်းသော နေရာသို့သွားမည်ဆိုပါက နှာခေါင်းစည်းအသုံးပြုပါ။

- နွေးထွေးပြီး စိုစွတ်တဲ့လေက ချောင်းဆိုးခြင်းကိုသက်သာစေပြီး ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ရေငွေ့ထုတ်စက်အသုံးပြုပါ။

- ကာကွယ်ဆေးကြိုတင်ထိုးထားပါ။ အအေးမိတုပ်ကွေးရောဂါကာကွယ်ဆေးထိုးခြင်းက လတ်တလောလေပြွန်ရောင်ရမ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

- ဆေးလိပ်ဖြတ်ပါ။

- ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကို လျော့ချနိုင်ရန်လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။

 

www.drmyanmar.com