လေလည်ခြင်းသည် ကျန်းမာရေးကောင်းသည်ဟုပြသော လက္ခဏာတစ်ရပ်ဖြစ်
လေလည်ခြင်းသည် လူနေမှုအသိုင်းအ၀ိုင်းကြားမှာဆိုရင် စိတ်ကသိကအောက်ဖြစ်စရာ၊ ရှက်စရာဖြစ်တယ်ဆိုပေမယ့် ကျန်းမာရေးကောင်းကြောင်းပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။ ကောက်နှံတစ်ခုလုံးစာ (ဥပမာ-ဆန်ကြမ်း၊ ဂျုံကြမ်း) စားသူတွေဟာ မစားသူတွေထက် ဓာတ်ငွေ့စုပုံမှုရှိကြပြီး ကောက်နှံတစ်ခုလုံးပါ၀င်စာ စားသူတွေက ကျန်းမာရေးပိုကောင်းကြောင်းကို လေ့လာမှုအရ သိရှိရပါတယ်။ လေ့လာမှုတွင် ပါ၀င်သူ 75 ဦးထဲမှ အချို့အား ကောက်နှံတစ်ခုလုံးပါ၀င်စာကို စားစေပြီး ကျန်သူများအား ကောက်နှံစာမဟုတ်သော အခြားအစားအစာများကို စားစေခဲ့ရာ ကောက်နှံပါ၀င်စာ စားသူများအဖွဲ့က လေလည်ကြပေမယ့် ကျန်တဲ့အဖွဲ့ကတော့ လေပွခြင်း၊ မောပန်းခြင်းတို့ကို ခံစားရကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ကောက်နှံတစ်ခုလုံးပါ၀င်စာဆိုတာ ဖြူစင်အောင်ဖွပ်မထားတဲ့ဂျုံကြမ်း၊ ဆန်ကြမ်းကို ဆိုလိုခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် ဆန်လုံးညို၊ ပေါင်မုန့်ညို၊ Cereal စတဲ့အစားအစာတွေဖြစ်ကာ ၎င်းကောက်နှံစာတွေမှာ အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်ပါတယ်။ အမျှင်ဓာတ်ပေါကြွယ်၀တဲ့ အစားအစာတွေကိုစားလေ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းလေဖြစ်တဲ့အပြင် နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အမျိုးအစား (2) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုနည်းစေပြီး ကိုယ်အလေးချိန်ကို ကောင်းစွာထိန်းနိုင်ပါတယ်။ ဒါကြောင့် လေလည် တာဟာ အမျှင်ဓာတ်ပါတဲ့ အစာတွေစားခြင်းကြောင့်လို့ယူဆလို့ရပြီး ကျန်းမာရေးကောင်းခြင်းကိုပြတဲ့ လက္ခဏာရပ်ဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ကောက်နှံစာ မဟုတ်တဲ့ အခြားအစားအစာတွေ တစ်နည်းအားဖြင့် ဖြူစင်အောင်ဖွပ်ထားတဲ့ အစားအစာတွေမှာ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်တွေ ဆုံးရှုံးနေတာကြောင့် ၎င်းအစားအစာကိုစားသူတွေဟာ ကျန်းမာရေးနဲ့ညီညွတ်ခြင်းမရှိပါဘူး။
Cho Thet















