လေ့ကျင့်ခန်းနှင့် အဆုတ်ကျန်းမာရေး
လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေတယ်။ ခန္ဓာကိုယ် လှပစေတယ်။ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်။ စိတ်ပျော်ရွှင်စေတယ်။ ဒီလို ခန္ဓာကိုယ်အတွက်အတွက် ကောင်းကျိုးများစွာရှိတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကို သန်မာစေသလိုပဲ နှလုံးနဲ့အဆုတ်ကိုလည်း သန်မာစေပါတယ်။
>> လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ
လေ့ကျင့်ခန်းလုပ်ခြင်းဟာ အသက်ငယ်ငယ်၊ အသက်ကြီးကြီး၊ လူကောင်းဖြစ်စေ၊ နာတာရှည်ရောဂါရှိသူဖြစ်စေ၊ လူတိုင်းအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါနဲ့ အဆုတ်ကင်ဆာအပါအဝင် တချို့သောကင်ဆာရောဂါတွေရဲ့ ဖြစ်ပွားနှုန်းကို လျော့နည်းစေတယ်။ အရိုးနဲ့ကြွက်သားတွေကို သန်မာစေတယ်။ ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုလည်း သက်သာစေတယ်။ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေတယ်။ အသက်ကြီးလာရင် သတိမေ့တတ်တဲ့ Alzheimer ရောဂါဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တယ်။
>> လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဆုတ်အပေါ်မှာရော ဘယ်လိုကောင်းကျိုးတွေရှိသလဲ?
လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေဟာ အောက်ဆီဂျင် ပိုလိုအပ်ပါတယ်။ ကြွက်သားတွေဆီ အောက်ဆီဂျင်ပို့ပေးဖို့ဆိုရင် နှလုံးနဲ့အဆုတ်က ပိုပြီးအလုပ်လုပ်ရပါတယ်။ ဒီလို ပိုအလုပ်လုပ်ရတဲ့အခါမှာ အဆုတ်လည်း ပိုသန်မာလာပါတယ်။ လူတစ်ယောက်ဟာ လေ့ကျင့်ခန်း စလုပ်ချင်းတုန်းက ခဏလေးလုပ်တာနဲ့ မောပေမယ့် နောက်ပိုင်း လေ့ကျင့်ခန်းလုပ်နေကျ ဖြစ်လာတဲ့အခါ မောတာလည်း တဖြည်းဖြည်း သက်သာလာတာကို ခံစားကြရမှာပါ။ ဒါဟာ အဆုတ်အားကောင်းလာတာကို ပြသနေပါတယ်။ ဒါ့အပြင် တချို့သောလေ့ကျင့်ခန်းတွေက အသက်ရှူရာမှာပါဝင်တဲ့ ကြွက်သားတွေကို သန်မာစေပါလို့ အဆုတ်ရဲ့ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ငန်းစဉ်ကို ပိုကောင်းစေပါတယ်။
>> အဆုတ်အားကောင်းဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ပေးသင့်သလဲ?
အသင့်အတင့်လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် (၃၀) ခန့်၊ တစ်ပတ်ကို (၅) ရက်လောက် လုပ်ပေးပါ။ အသင့်အတင့်လေ့ကျင့်ခန်းဆိုတာ ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ သစ်ပင်ပန်းပင်စိုက်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း စတာတွေကို ဆိုလိုတာပါ။ အေရိုးဗစ်လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကြိုးခုန်ခြင်းတွေဟာလည်း နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို မြန်စေလို့ နှလုံးနဲ့အဆုတ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ အလေးမခြင်း၊ အသက်ရှူလေ့ကျင့်ခန်း စတဲ့လေ့ကျင့်ခန်းတွေဟာလည်း အဆုတ်အားကောင်းစေပါတယ်။
>> လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘာတွေကို သတိထားသင့်သလဲ?
ရောဂါအခံတစ်ခုခုရှိတဲ့သူဆိုရင် လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးပါ။
လေထုညစ်ညမ်းတဲ့နေရာတွေမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ အပြင်မှာ လေထုညစ်ညမ်းတယ်ဆိုရင် အိမ်ထဲမှာ၊ ဒါမှမဟုတ် Gym ကိုသွားပြီး လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။
>> အဆုတ်ရောဂါရှိရင်ရော လေ့ကျင့်ခန်းလုပ်လို့ရသလား?
သာမန်လူတွေလိုအတိုင်းပဲ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဆုတ်ရောဂါရှိသူတွေရဲ့ နှလုံးနဲ့အဆုတ်ကို အားကောင်းစေလို့ အဆုတ်ရောဂါရှိတဲ့သူတွေအနေနဲ့လည်း လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ကိုယ်ခံနိုင်ရည်ရှိတဲ့ လေ့ကျင့်ခန်းကိုသာ ရွေးလုပ်ပါ။ အမောမခံနိုင်တဲ့သူဆိုရင်တော့ လေ့ကျင့်ခန်းလုပ်နှုန်း မြင့်လိုက်တာ၊ လေ့ကျင့်ခန်းလုပ်ချိန် တိုးလိုက်တာမျိုး မလုပ်တာက ပိုကောင်းပါလိမ့်မယ်။ ကိုယ်နဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းကို လုပ်ဖို့အတွက်ဆိုရင် ဆရာဝန်၊ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်များနဲ့ အရင်တိုင်ပင်ပါ။
Dr. Aye Hsu Mon (www.drmyanmar.com)
















