လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ဖြစ်လေ့ရှိတဲ့ အကြီးမားဆုံး အမှား (၅) မျိုး
တစ်ခါတလေမှာ အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ပြီးတော့ လေ့ကျင့်ခန်း လုပ်ကြပေမယ့်လည်းပဲ ကိုယ်အလေးချိန်ကတော့ နည်းနည်းလေးပဲ ကျတတ်ပါတယ်။ ဆိုးတာကတော့ ကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေက လေ့ကျင့်ခန်း အသစ်တစ်မျိုး လုပ်ပြီးတော့ မကြာခင်မှာပဲ ပိန်သွားကြတယ် ဆိုတာကို ကြားနေ၊ မြင်နေရပြီးတော့ ဒါက ကိုယ့်ကို စိတ်ရှုပ်တာတွေ ဖြစ်စေပါတယ်။
ဒီတော့ ကိုယ်အလေးချိန်ကျစေတဲ့ လေ့ကျင့်ခန်းပုံစံတွေနဲ့ ပတ်သက်ပြီးတော့ တစ်ယောက်ကတော့ အဆင်ပြေပြီးတော့ နောက်တစ်ယောက်မှာ ဘာလို့မအောင်မြင်ရတာလဲ။ ပြောရမယ် ဆိုရင်တော့ အကြောင်းအများကြီး ရှိနိုင်ပါတယ်။ အဖြစ်များတာကတော့ လေ့ကျင့်ခန်း လုပ်တဲ့နေရာမှာ အမှားတွေ လုပ်မိနေလို့ပါ။ ဒီတော့ ကိုယ်က လေ့ကျင့်ကို ပြင်းပြင်းထန်ထန် လုပ်နေပြီးတော့မှာ ဘာအကျိုးမှမရှိဘူးဆိုရင် ဒီအမှားတွေ လုပ်မိနေလားဆိုတာကို တစ်ချက်စစ်ကြည့်ပါ။
1. နေ့တိုင်း လေ့ကျင့်ခန်း လုပ်သင့်သလား?
နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှုတွေရှိတာက ပိန်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် ကောင်းပါတယ်။ ဒါပေမဲ့လည်း ကိုယ်အလေးချိန် ကျချင်တယ်ဆိုရင်တော့ နေ့တိုင်း ဒီလေ့ကျင့်ခန်းကို ဒီနှုန်း၊ ဒီကြာချိန်အတိုင်းပဲ လုပ်နေတာက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်က နေ့စဉ်လုပ်ဆောင်မှုတွေကို လိုက်ညှိပေးနေလို့ ဖြစ်ပါတယ်။
♦ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?
လေ့ကျင့်ခန်းအမျိုးမျိုး၊ မတူညီတဲ့ ပြင်းထန်မှုတွေနဲ့ မတူတဲ့အချိန်တွေပါတဲ့ လေ့ကျင့်ခန်းအစီအစဉ် ဆွဲထားပါ။ ဥပမာ - မိနစ် ၄၀ လမ်းလျှောက်တယ်ဆိုရင် တစ်ပတ်ကို ၂ ရက်၊ ၃ ရက်လောက် လမ်းလျှောက်ဖို့ အစီအစဉ် လုပ်ထားပါ။ နောက်ထပ် စိန်ခေါ်မှုတစ်ခုအနေနဲ့ ဒီတစ်ပတ်ထဲမှာ 60-75 မိနစ်လောက် လမ်း တစ်ရက်လျှောက်ပါ။
နောက်ကျန်တဲ့ရက်တွေမှာ စက်ဘီးစီးလိုက်၊ လမ်းလျှောက်လိုက် ပြေးလိုက် ရောပြီးလုပ်ပါ။ ပြင်းပြင်းထန်ထန် လုပ်လို့ အဆင်ပြေတဲ့ ကျန်းမာရေးအခြေအနေ ရှိတယ်ဆိုရင်တော့ အဆီလောင်ကျွမ်းမှုအတွက် အကျိုးရှိတဲ့ လေ့ကျင့်ခန်း ထပ်ထည့်ပြီး လုပ်လို့ရပါတယ်။ ဒီလိုမျိုး လေ့ကျင့်ခန်းမျိုးစုံ လုပ်ခြင်းဖြင့် နေ့တိုင်းမပျင်းဘဲ လုပ်နိုင်ပြီးတော့ အားကုန်ခြင်းကိုလည်း ရှောင်ရှားနိုင်စေပါတယ်။
2. လေ့ကျင့်ခန်း အများကြီးလုပ်လိုက်လို့ ဆိုပြီးတော့ ပိုမစားပါနဲ့
နေ့တိုင်း ပုံမှန်လုပ်နေကျတွေထဲမှာ လေ့ကျင့်ခန်းပါ ထည့်လို်က်တဲ့အခါမှာ ပိုဆာလောင်စေပါတယ်။ အထူးသဖြင့်တော့ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ရင် ပိုဆိုးပါတယ်။ ဒီလိုဆာလောင်မှုက အရမ်းကို ခံရခက်တဲ့ တိုက်ပွဲပါပဲ။ ဘာလို့လဲဆိုတော့ စိတ်ထဲမှာ ငါ လေ့ကျင့်ခန်းလုပ်ထားတယ်၊ ငါ စားချင်သလို စားလို့ရတယ်လို့ အတွေး ရှိနေပါတယ်။
ဒါပေမဲ့လည်း လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန် ချနေတယ်ဆိုရင်တော့ နေ့တိုင်းမှာ သတ်မှတ်ထားတဲ့ ကယ်လိုရီသုံးစွဲမှု ရှိနေရပါမယ်။ တကယ်လို့ လေ့ကျင့်ခန်း လုပ်ပြီးလို့ ဗိုက်ဆာတာနဲ့ ကယ်လိုရီများတဲ့ အစားအစာ စားလိုက်ရင် (သို့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ တဝကြီး စားလို်က်တယ်ဆိုရင် ဒီကယ်လိုရီတွေက လေ့ကျင့်ခန်းလုပ်လို့ လောင်ကျွမ်းထားတဲ့ ကယ်လိုရီနေရာကို ဝင်ရောက်တဲ့အတွက်ကြောင့် လေ့ကျင့်ခန်း လုပ်ထားတာ အကျိုးမရှိတော့ပါဘူး။ ဒီတော့ ကိုယ်အလေးချိန်လည်း မကျနိုင်တော့ပါဘူး။
♦ ဒါကို ဘယ်လိုဖြေရှင်းမလဲ?
ဒီတော့ လေ့ကျင့်ခန်းအစီအစဉ် မစခင် (သို့) မပြောင်းခင်မှာ ကိုယ့်ရဲ့ နေ့စဉ် ကယ်လိုရီလောင်ကျွမ်းမှုကို တွက်ထားပါ။ ကိုယ့်ဟာကိုယ် တွက်လို့ရသလို၊ သင်တန်းဆရာတွေနဲ့လည်း သေချာတိုင်ပင်ပြီး တွက်လို့ရပါတယ်။ လေ့ကျင့်ခန်း စလုပ်ပြီးဆိုတာနဲ့ နေ့တစ်နေ့အဆုံးမှာ ကယ်လိုရီ လိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့အတွက် အစား နည်းနည်းပိုစားပါ။ ကယ်လိုရီအလို တစ်နေ့ကို 500 နဲ့ တစ်ပတ်ကို 3500 ရှိခြင်းက တစ်ပတ်ကို ကိုယ်အလေးချိန် တစ်ပေါင်ကျစေပါတယ်။
3. လေ့ကျင့်ခန်းတွေကို တစ်ဖက်စောင်းနင်း မလုပ်ပါနဲ့
ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကောင်းမွန်တဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အေရိုးဗစ်၊ အားအင်ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေနဲ့ ကျုံ့ဆန့်မှုအတွက် လေ့ကျင့်ခန်းတွေ လိုပါတယ်။ ဒီလိုညီညီမျှမျှလုပ်မှသာ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဒီသုံးမျိုးစလုံးမှာ ကိုယ်အလေးချိန် ကျစေနိုင်တဲ့ အကျိုးကျေးဇူးလည်း ရှိပါတယ်။ ဒီထဲက တစ်မျိုးတည်းကိုပဲ တစ်ဖက်စောင်းနင်း လုပ်မယ်ဆိုရင် ကိုယ်အလေးချိန် အပြည့်အဝကျတဲ့ အကျိုးကျေးဇူးကို ခံစားရမှာ မဟုတ်ပါဘူး။
♦ ဒါကို ဘယ်လိုဖြေရှင်းမလဲ?
ကိုယ်အလေးချိန်ကျစေတဲ့ လေ့ကျင့်ခန်းပုံစံ အများစုမှာ အေရိုးဗစ် ပါပြီးသားဖြစ်တဲ့အတွက် ညီမျှသွားအောင် အလေးမ လေ့ကျင့်ခန်းကိုလည်း ၂-၃ ရက်လောက် လုပ်ပေးဖို့ လိုပါတယ်။ အချိန်မရှိဘူးဆိုရင် အေရိုးဗစ်လေ့ကျင့်ခန်း လုပ်နေစဉ်ကြား ၅-၁၀ မိနစ်အချိန်လောက်မှာ အလေးမ လေ့ကျင့်ခန်း လုပ်ပါ။ ပြီးရင်တော့ အကြောလျှော့လေ့ကျင့်ခန်း ၅-၁၀ မိနစ်လောက် လုပ်ပြီး အဆုံးသတ်လိုက်ခြင်းဖြင့် အဆစ်တွေကို ကျန်းမာစေပြီးတော့ ခန္ဓကိုယ်ကိုလည်း ဒဏ်မဖြစ်စေပါဘူး။
4. လေ့ကျင့်ခန်း မဟုတ်တဲ့ အခြားကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း လျှော့ချမပစ်လိုက်ပါနဲ့
နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့လည်း လေ့ကျင့်ခန်း လုပ်လို့ဆိုပြီးတော့ တခြားအချိန်တွေမှာ လုပ်နေကျ လှုပ်ရှားမှုတွေကို လျှော့ချတာက လေ့ကျင့်ခန်း လုပ်ပေမယ့်လည်းပဲ ကယ်လိုရီ လောင်ကျွမ်းမှုကို အရင်ကအတိုင်း ဖြစ်စေပြီးတော့ အကျိုးမရှိ ဖြစ်စေပါတယ်။
♦ ဘယ်လိုဖြေရှင်းမလဲ?
နေ့ဘက်တွေမှာ အိပ်ရာပေါ်မှာ တစ်ရေးအိပ်ပြီး နားနေမယ့်အစား လမ်းလျှောက်ပါ။ အိမ်အလုပ် လုပ်ပါ။ အလုပ်မှာ ဆိုရင်လည်း မတ်တပ်ရပ်ပြီး အလုပ်လုပ်တာ၊ အလုပ်လုပ်နေချိန်အတွင်း တစ်ချိန်ကုန် ထိုင်မနေဘဲ ထိုင်နေရာက ထပြီးတော့ လမ်းလျှောက်တာမျိုးတွေ လုပ်ပါ။
5. ဖြည့်စွက်စာတွေနဲ့ အားဖြည့်အချိုရည်တွေကို သတိထား သောက်ပါ
အလုပ်လုပ်နေချိန် (သို့) အလုပ်ပြီးတဲ့အချိန်တွေမှာ ပြန်ပြီးအားဖြည့်ဖို့ ဆိုပြီးတော့ အားဖြည့်အချိုရည်တွေ သောက်၊ ဘားတွေသွားလေ့ ရှိပါသလား။ ဒီလိုလုပ်တာက ကယ်လိုရီတွေကို ပိုတက်စေပါတယ်။ အားကစားသမားတွေမှာ အားဖြည့်အချိုရည်တွေ လိုအပ်ကောင်း လိုအပ်နိုင်ပေမယ့် ပုံမှန်လေ့ကျင့်ခန်း လုပ်တဲ့သူတွေအဖို့တော့ ရေက အကောင်းဆုံးပါပဲ။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ပြီးတော့ ဖြည့်စွက်စာတွေ စားတာကလည်း အလုပ်မဖြစ်ပါဘူး။ ဈေးကွက်ထဲမှာ ကြော်ငြာထားတဲ့ ထုတ်ကုန်တွေ ရာနဲ့ချီပြီး ရှိပေမယ့်လည်း ဒါတွေက ပိုက်ဆံကုန်ရုံကလွဲပြီးတော့ ဘာမှအကျိုးမရှိပါဘူး။
♦ ဘယ်လိုဖြေရှင်းမလဲ?
ဒီတော့ ဘားတွေသွား၊ အချိုရည်တွေ သောက်၊ ဖြည့်စွက်စာတွေစားပြီး ပိုက်ဆံဖြုန်းနေမယ့်အစား အာဟာရပညာရှင်ဆီ သွားပြပါ။ သူတို့က လေ့ကျင့်ခန်းလုပ်လိုက်လို့ ကုန်ဆုံးသွားတာတွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် လုံလောက်မှန်ကန်တဲ့ ကယ်လိုရီတွေ ရရဲ့လားဆိုတာကို တွက်ပေးပါလိမ့်မယ်။
ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကနေပြီးတော့ အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရစေမှာအမှန်ပါပဲ။ ဒါပေမဲ့လည်း ကိုယ်အလေးချိန်ကျဖို့ အထူးအစီအစဉ်တစ်ခုကို စပြီးလုပ်ပြီဆိုရင်တော့ ဒီပန်းတိုင်ကို ရောက်ဖို့အတွက် သေချာအကောင်းဆုံး ကြိုးစားဖို့ို လိုပါတယ်။ ဒီအမှားလေးတွေကို သတိထားပြီးတော့ သေချာညှိနှိုင်း လုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံးအဖြေကို ရမှာပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)















