လျစ်လျူရှူခံနေရသော ... စိတ်ကျရောဂါရှင်များ
" အဖေ ... သက်သာရဲ့လား "
အဖေ့မျက်နှာလေးကို ရေဝတ်သုတ်ပေးနေရင်း ကြင်နာစွာ မေးနေမိသည်။ ကြယ်ထွေးလည်း ပင်ပန်းလှပြီ။ အဖေ့ကျန်းမာရေးကြောင့်သာ အလုပ်တွေ အကုန်ပစ်ပြီး နိုင်ငံခြားက ပြန်လာခဲ့ရခြင်း ဖြစ်လေသည်။
မောနေသော အဖေ့ကိုကြည့်ကာ စိတ်မချမ်းသာ။ မကြယ်ထွေးသည် နှုတ်ခမ်းလေးကို မပွင့်တပွင့်လုပ်ကာ ရောဂါခံစားနေရသော ဖခင်ကို ကြည့်နေမိသည်။ မျက်ရည်များလည်း ခန်းခြောက်ခဲ့တာ ကြာပါပေါ့။
သိပ်မကြာခင် ဖေဖေဆုံးသွားသည်။ အမေက ကောင်းကောင်းမမာ ... ကြယ်ထွေး အိမ်ကိုပစ်ပြီး နိုင်ငံခြား ပြန်လို့မရ။ ဒိအိမ်၊ ဒီမိသားစုကိုက သူမကို လိုအပ်နေသည်လေ။
" ငါ ... ညည အိပ်မပျော်ဘူး ..."
သူငယ်ချင်း ဆရာဝန်မက ကြယ်ထွေးကို ကရုဏာသက်စွာ ကြည့်နေသည်။ တကယ်တော့ ကြယ်ထွေးတို့ ဆိုတာက အပူအပင်မရှိ။ ငွေကြေး ပြည့်စုံပြီးသား။ သို့သော် နိုင်ငံခြားသို့ ငယ်ငယ်ရွယ်ရွယ် ထွက်သွားခဲ့သော ကြယ်ထွေးက ဟိုမှာ အသိုင်းအဝိုင်းတစ်ခုနှင့် လူလေးစားသော ဝင်ငွေကောင်းသော အလုပ်တစ်ခု ရနေခဲ့ပြီ။ အဲဒါတွေ အကုန်စွန့်လွှတ်၍ အဖေ နေမကောင်းသောကြောင့် မိခင်ကို အဖော်ပြုရန် အိမ်ပြဿနာရှင်းရန် ပြန်လာခဲ့ရခြင်း ဖြစ်လေသည်။
အဖေ ဆုံးသွားသော်လည်း ချက်ချင်း ပြန်လို့မဖြစ်နိုင်။ ဟိုက အလုပ်က ထွက်လာခဲ့တာမို့ ပြန်သွား အလုပ်လုပ်ရန် အစအဆုံး ပြန်စီစဉ်ရမည်။ မိခင်ကိုလည်း ပစ်မသွားရက်။ ကြယ်ထွေး ခေါင်းတွေပူ၊ စိတ်တွေ ဖိစီးစ ပြုလာသည်။ သို့သော် ဘယ်သူမှ သတိမထားမိ။
ဒီကပေးသော လစာနှင့် သူမ အရည်အချင်းက မထိုက်တန်ဟု ထင်သည်။ တကယ်လည်း ဟုတ်သည်။ သူမကို လစာအမြင့်ဆုံး ပေးနိုင်သည်က ဟိုကခြေဖျားတောင် မမှီ။ သူမရဲ့ ရထားသော ဘွဲ့များရယ်၊ ထက်မြက် တော်နေသော အရည်အချင်းများရယ် ချိန်ထိုးကြည့်တော့ တကယ်လည်း မထိုက်တန်။ ကိုယ်ပိုင်လုပ်ငန်း စဖို့ကလည်း သူမက ခေါင်းရှုပ်မခံနိုင်။ မိခင်ကောင်းကောင်း နလန်မထူမချင်း ပြန်လို့မဖြစ်နိုင်။
သူမတို့အိမ်က လူစည်ကားသော ရပ်ကွက်။ ဘေးတွင် အိမ်လေးများကြ ပွတ်သိပ်နေသည်။ ညဆို စပီကာသံက ဆူညံ။ ပွဲကာလဆို တရားပွဲသံကအစ မခံနိုင်အောင် ကျယ်ကျယ်လောင်လောင်။ လမ်းများက ညစ်ပတ်၍ ဖုန်တွေ အလိပ်လိုက်။ အစားအစာများက မသန့်ရှင်း။
သူမနေခဲ့သော နိုင်ငံရပ်ခြားက မြို့လေးသည် အလွန်သန့်ပြန့်သည်။ အစားအသောက် သန့်ရှင်း ဘေးကင်းသည်။ သွားရေးလာရေး လွယ်သည်။ မြန်မာပြည်ကို ချစ်သော်လည်း မြန်မာပြည်ဒဏ်ကို သူမ မခံနိုင်။
အဆိုးဆုံးမှာ အမြတ်နိုးဆုံးအလုပ်ကို စွန့်လွှတ်ခဲ့ရခြင်း ဖြစ်လေသည်။
ညတွေ အိပ်မပျော်။ ညနှစ်ချက်လောက်ထိ မျက်စိကြောင်နေသည်။ ဝမ်းနည်းနေသည်။ အစား စားမရ။ ဘာဝါးလို့ ဝါးနေမှန်း တစ်ခါတလေမသိ။ တစ်ခါတလေ တအားစားသော်လည်း၊ တစ်ခါတလေ ဘာမှမစားချင်၊ လူတွေနှင့် မတွေ့ချင်၊ အခန်းထဲမှာသာ ပုန်းနေချင်မိသည်။ နောက်ဆုံး သူမ လုံးဝပိန်ကျသွားသည်။ သို့သော် ကြယ်ထွေးလို ပြည့်စုံသူတစ်ယောက်အဖို့ ဖခင် ဆုံးသောကြောင့် ၀မ်းနည်းနေဆဲလို့သာ ပတ်၀န်းကျင်၊ မိသားစုက ထင်ကြသည်။
သူငယ်ချင်းဆရာဝန်မက သူမ အခြေအနေကို သိရှိ၍ ဆရာတစ်ယောက်နှင့် မိတ်ဆက်ပေးသည်၊ များစွာသော ရင်ဖွင့်ပြောဆိုမှုများ၊ ဆရာ၏ နည်းလမ်းတကျ ချဉ်းကပ်ကုသပေးချက်များ၊ သူငယ်ချင်းဆရာဝန်မ၏ ထောက်ပံအားပေးမှုဖြင့် သူမ ပြန်နေကောင်းလာခဲ့သည်။
>> သူမ ဘာတွေလုပ်ခဲ့ရလဲ?
• ရင်ဖွင့်ပြောဆိုမှုတွေ လုပ်ရတယ်။ သူမရဲ့အခက်အခဲတွေ၊ ပြဿနာတွေကို အကုန်အစင် ဖွင့်ဟပြီးနောက် ပိုနေသာလာခဲ့တယ်။
● သူမရဲ့ အစားအသောက်ပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို ပြောင်းလဲစားတယ်။
● သူငယ်ချင်းနဲ့ ယောဂသင်တန်း သွားတယ်။
● အေရိုးဗစ် ကစားတယ်။
● တရား ထိုင်တယ်။
● ညမှာ တက်ဘလက်၊ ကွန်ပျူတာတွေကို လုံးဝမကိုင်တော့ဘူးလို့ ဆုံးဖြတ်တယ်။
● အိပ်ရေး၀၀ အိပ်တယ်။
● ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တယ်။
သူမဟာ ဆေးတွေကိုပဲ အားမကိုးခဲ့ပါဘူး။ စိတ်ကျရောဂါ ခံစားနေရတာ သူမ တစ်ယောက်တည်း မဟုတ်တာကို သိပြီး ကြယ်ထွေး တစ်ယောက် ပိုအားတွေ တက်လာခဲ့ပါတယ်။ စောစီးစွာ ပြန်ကောင်းလာခဲ့တာလည်း သူမရဲ့ကံကောင်းမှုတစ်ခုပဲပေါ့ ...
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















