လှုပ်ရှားလိုက်တိုင်း အရိုးအဆစ်တွေ အသံမြည်နေတယ်ဆရာ စိုးရိမ်ရလား
ထိုင်ရာကနေ ရပ်လိုက်တဲ့အခါ ဒူးဆစ်များ တဂျွတ်ဂျွတ်မြည်ခြင်း၊ အစာဝါးနေစဉ် မေးရိုးက အသံများမြည်ခြင်းနဲ့ လေ့ကျင့်ခန်း ပြုလုပ်လိုက်တိုင်း အသံများ ထွက်လာခြင်းတို့ကြောင့် ထိတ်လန့်တတ်ကြပါတယ်။ ဒီပြဿနာဟာ လူကြီးလူငယ်မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ ပိုအဖြစ်များနိုင်ပါတယ်။
အရိုးနဲ့ ကြွက်သားကို တွယ်ဆက်ပေးထားသော အရွတ်များ၊ အရိုး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးသော တွယ်ဆက်တစ်သျှူးများနဲ့ အရိုးနုများရဲ့ အခြေအနေပေါ် မူတည်ပြီး အသံများထွက်ပေါ်စေပါတယ်။
အဖြစ်အများဆုံးကတော့ ဒူးဆစ်ဖြစ်ပြီး ပေါင်၊ ပခုံး၊ လည်ပင်းနဲ့ ကျောရိုးများတွင်လည်း အသံများ မြည်တတ်ပါတယ်။
>> ဘာကြောင့် ဖြစ်ပေါ်ရသလဲ?
● အရွတ်များ ချော်ခြင်း
● လှုပ်ရှားမှုများသောကြောင့် အရွတ်များ တင်းလာခြင်း
● အရိုးအဆစ်များအတွင်းရှိ လေဘူဘောင်းများ ပေါက်ခြင်း
● လည်ပင်းကြွက်သားများ တောင့်တင်းခြင်း
● အရိုးနုများ စုတ်ပြဲခြင်းကြောင့်ဖြစ်သော အရိုးအဆစ်များ ရောင်ရမ်းခြင်း
စသည့်အချက်များကြောင့် အများဆုံး ဖြစ်ပေါ်စေပါတယ်။
လှုပ်ရှားမှုပြုလုပ်တိုင်း အသံမြည်သော်လည်း နာကျင်ရောင်ရမ်းခြင်းမရှိပါက စိုးရိမ်ဖွယ်မရှိပါဘူး။ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်း ဖြစ်ပေါ်တဲ့အခါမှာတော့ အရိုးအဆစ်ဆရာဝန်နဲ့ စစ်ဆေးမှု ခံယူသင့်ပါတယ်။ အရိုးအဆစ်များ ရောင်ရမ်းခြင်းအတွက် ကိုယ်အလေးချိန် လျှော့ချခြင်း၊ ဆေးဝါးများ သောက်သုံးခြင်း၊ ဒူးစွပ်အသုံးပြုခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အဆစ်များကို ဆေးထိုးခြင်းနဲ့ ခွဲစိတ်ခြင်းစသော ကုသမှုနည်းများကို ဆရာဝန် ညွှန်ကြားချက်အရ ပြုလုပ်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















