/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝက်သားဟင်းကို-ကျက်အောင်-မချက်မိတဲ့အခါ

ဝက်သားဟင်းကို ကျက်အောင် မချက်မိတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အရသာ လေးလေးပင်ပင်နဲ့ အိစက်နေတဲ့ ဝက်သားတစ်တုံးဟာ ကြိုက်နှစ်သက်သူတွေအတွက်တော့ ဘာနဲ့မှ မလဲနိ်ုင်တဲ့ ဟင်းလျာပါ။ ဒါပေမဲ့ ဝက်သားမှာလည်း သူ့ဒုက္ခနဲ့သူပါတဲ့။

          ဝက်သား ကြိုက်နေသူတွေထဲ အပါအဝင်ဖြစ်နေပြီလား။ ဝက်သားက ဆောင်ယူလာသော ဒုက္ခလေးသွယ်ကို ဖတ်ကြည့်ကြရအောင်။

●        အသည်းရောင် အသားဝါ E ရောဂါဟာ ဝက်အသည်းကနေ ပါဝင်လာပြီး ရုတ်တရက် ဖျားတာ၊ ညောင်းတာ၊ အသားဝါတာ၊ အဆစ်အမြစ်ရောင်တာတွေ၊ ဗိုက်နာ ဗိုက်အောင့်တွေ ကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်လေးတွေဆိုရင် ပိုမိုပြင်းထန်စွာ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ်ကို ပျက်စီးစေဖို့အတွက် ဝက်သားကို အပူချိန်ပြင်းပြင်းနဲ့ နူးအောင် ချက်ပြုတ်ဖို့ လိုပါတယ်နော်။

●        ဝက်သား စားသုံးခြင်းနှင့် အရေပြားရောဂါတစ်မျိုးဟာ ဆက်စပ်နေပါတယ်လို့ သုတေသနတွေ ထွက်ရှိထားပါတယ်။ အသည်းကင်ဆာနဲ့ အသည်းခြောက်ရောဂါတွေနဲ့ ဝက်သားစားသုံးမှုဟာလည်း ဆက်စပ်လျက် ရှိပါတယ်။ ဖြစ်နိုင်တာက ဝက်သားကင်တွေ ကျပ်တင်သားတွေမှာ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေ ပါဝင်နေတာ ဖြစ်နိုင်သလို ဝက်သားကို တာရှည်ခံအောင် လုပ်ထားတဲ့ ဝက်သားပြားတွေ ဝက်အူချောင်းတွေကနေ ကင်ဆာပြဿနာ ပေးနိုင်နေတာဖြစ်နိုင်ကြောင်း ကောက်ချက်ဆွဲရမှာပါ။

●        သန်ကောင်ရောဂါကတော့ မကျက်တကျက် ဝက်သားတွေမှာ ပါဝင်နေမှာ မုချပါပဲ၊ တွန့်ခေါက်နေတဲ့ သန်ပြားကောင်တွေ၊ သန်လုံးကောင်တွေဟာ မကျက်တကျက် ဝက်သားထဲမှာ ငြိမ်ငြိမ်လေး တည်ရှိနေပါတယ်။

●        ဒီထက်ဆိုးတာကတော့ အဲဒီသန်ကောင်တွေထက် အဆမတန်သေးကွေးတဲ့ ယာဆီးနီးယားဘက်တီးရီးယားပိုး ဖြစ်ပါတယ်။ ဗိုက်အကြီးအကျယ်နာပြီး သွေးဝမ်းတောင် သွားစေပါသတဲ့။ ကဲ ... ဝက်သားကို ကျက်အောင်ချက်ဖို့ နောက်ထပ်အကြောင်းကောင်းတစ်ခုပါပဲနော်။

          လတ်တလော ခံစားရနိုင်တာကတော့ အသည်းရောင် အသားဝါ E ပိုးနဲ့ ယာဆီးနီးယားပိုး ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဝက်သားကို အဖုံးသေချာအုပ်ပြီး နူးနပ်နေအောင် ချက်ပြုတ်စားသောက်တာ အကောင်းဆုံးပါလို့ အကြံပြုပါတယ်နော်။

●        ဝက်သား ထည့်တဲ့အိတ်တွေကို စနစ်တကျပစ်ပါ။

●        ဝက်သားခုတ်ပြီးတဲ့ စဉ်းတီတုံးကို သေချာဆေးကြောပြီး ခြောက်သွေ့ပါစေ။

●        ဝက်သားကိုင်ပြီးရင် လက်ကိုဆပ်ပြာနဲ့ သေချာပြောင်အောင် ဆေးကြောပါ။

●        ဝက်သား နူး၊ မနူး ကြည့်တဲ့အခါ ခရင်းနဲ့ထိုးပြီး ကြည့်ပါ။

●        နူး၊ မနူးကြည့်ဖို့လောက်နဲ့တော့ မကျက်ခင် ခပ်ပြီး မြည်းလိုက်တာမျိုး ရှောင်ပါ။

●        ဝက်သားကို ကျကျနန ဆေးကြောပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ သေချာလုံးပြီး အဖုံးအုပ်ကာ နူးအောင် ချက်ပြုတ်စားသောက်တာက အပေါ်က ဖော်ပြပါရောဂါတွေကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)