ဝမ်းပျက်ဝမ်းလျှောတာ ရက်ကြာနေပြီလား?
ဗိုက် အရမ်းရစ်ပြီး နာလာတယ်၊ ပြီးရင် အိမ်သာတက်ချင်စိတ် အရမ်းဖြစ်လာတယ် ပြီးတော့ အရည်တွေ သွားတယ်ဆိုရင် ဒါ ဝမ်းပျက်တာပါ။ ဒီလိုဖြစ်တာက တစ်နှစ်မှ တစ်ခါနှစ်ခါလောက် ကြုံရတာဆိုရင်တော့ အကြောင်းမဟုတ်ပေမယ့် ဝမ်းပျက်နေတာက ရက်သတ္တပတ် အတော် ကြာလာရင်တော့လည်း မကောင်းပါဘူး။ ဒီလို ဘာကြောင့် ကြာရှည်ဝမ်းသွားနေရသလဲ ဆိုတာကို ဆရာဝန်ပြသပြီး အဖြေရှာဖို့ လိုလာပါပြီ။
● နို့နဲ့ နို့ထွက်ပစ္စည်းတွေက ဝမ်းလျှောစေပါတယ်။ နာတာရှည် ဝမ်းလျှောစေတဲ့ အစားအစာနဲ့ ဓာတ်မတည့်မှု အဖြစ်များဆုံးကတော့ နို့ပါ။ ဒါကြောင့် ကြာရှည်ဝမ်းပျက်နေပါက နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ဖြတ်လိုက်တာက အဖြေဖြစ်ချင်ဖြစ်နိုင်ပါတယ်။
● Gluten ဆိုတဲ့ ပရိုတင်းဓာတ်တစ်မျိုးကြောင့်လည်း ဝမ်းလျှောနိုင်ပါတယ်။ Celiac Disease ရှိသူတွေက gluten ရှောင်ရပါမယ်။ ဒီရောဂါ မရှိရင်တောင်မှာ gluten မပါတာတွေကို စားတာက ပိုကောင်းပါတယ်။
● အဆီများပြီး အီတဲ့အစားအစာတွေကလည်း ဝမ်းလျှောနိုင်ခြေ များပါတယ်။ ဒီအစားအစာတွေက အစာအိမ်ထဲက အစာတွေကို ချေဖျက်ဖို့ နှေးကွေးစေပြီးတော့ လူတွေကို ပြည့်အင့်စေပါတယ်။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းစေတဲ့အတွက် ဝမ်းလျှောစေပါတယ်။
● အရက်နဲ့ ကဖင်းဓာတ်ကိုလည်း မမေ့ပါနဲ့။ ဒီနှစ်မျိုးစလုံးက ဝမ်းအရည်တွေ သွားစေပါတယ်။ မကြာခဏ ဝမ်းလျှောတယ်ဆိုရင် မနက်ပိုင်း ကော်ဖီသောက်တာနဲ့ ညနေ ဘီယာသောက်တာကို ဖြတ်ကြည့်တာက အထောက်အကူ ဖြစ်နိုင်ပါတယ်။
● သောက်နေတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးအတော်များများမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှောတတ်ပါတယ်။ ဒီဆေးတွေကတော့ ဝမ်းပျော့ဆေး၊ အစာကြေဆေး၊ မဂ္ဂနီဆီယမ်ပါသော ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ စတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် နာတာရှည် နာကျင်ကိုက်ခဲခြင်းတွေ ရှိတယ်ဆိုရင် နာတာရှည်ဝမ်းပျက်နိုင်ခြေလည်း ရှိပါတယ်။
● တခြားကျန်းမာရေးပြဿနာတွေကြောင့်လည်း ဝမ်းလျှောနိုင်ပါတယ်။ ဥပမာ - Irritable bowel syndrome (IBS), Crohn’s disease, အူရောင်ရမ်းနာ၊ ဆီးချို စတဲ့ ရောဂါတွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။ IBS ရှိသူတွေမှာ ဒီရောဂါရဲ့ဖိအားကြောင့် ဝမ်းလျှောတာကို ပိုဆိုးစေပါတယ်။ ဆေးဝါးတွေနဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေကနေပြီးတော့ သက်သာရာ ရစေနိုင်ပါတယ်။ ဆီးချိုရောဂါက အူကိုသွားတဲ့ အာရုံကြောတွေကို ထိစေတဲ့အတွက် ဝမ်းလျှောခြင်းကို လှုံ့ဆော်ပါတယ်။ ဒီတော့ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းချုပ်တာက အကောင်းဆုံးပါ။
● ကင်ဆာကုထုံးတွေ အထူးသဖြင့် ဆေးသွင်းကုသခြင်းနဲ့ ဓာတ်ကင်ခြင်းတွေကလည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။ ကင်ဆာဆေးသွင်း ကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာချေလမ်းကြောင်းရဲ့ နံရံတွေကို ပျက်စီးစေနိုင်ပါတယ်။ ဓာတ်ကင်ခြင်းကလည်း အစာချေလမ်းကြောင်းကို ရောင်ရမ်းစေပါတယ်။
>> ဝမ်းပျက်ဝမ်းလျှော သက်သာအောင် ဘယ်လိုလုပ်မလဲ?
ဝမ်းလျှောနေတာ ၂ ပတ်နဲ့အထက် ကြာပြီဆိုရင် ဆရာဝန် သွားပြပါ။ ဝမ်းထဲမှာ သွေးပါရင်၊ ကိုယ်ပူရင်၊ ကိုယ်အလေးချိန် ကျသွားရင် ပိုပြီးမြန်မြန်သွားပြပေးပါ။
အချို့လူတွေကျတော့လည်း ဘာမှမဟုတ်ဘဲနဲ့ ရိုးရိုးပဲ ဝမ်းပျက်တာ ဖြစ်နို်င်ခြေ များနေတာပါ။ ဒီလိုလူမျိုးကျတော့လည်း ဆေးဆိုင်မှာ အလွယ်တကူရတဲ့ ဆေးတွေနဲ့ပဲ သက်သာနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောတာက Crohn’s disease, အူရောင်ရမ်းနာ စတဲ့ ရောဂါတွေ ထလို့ ဖြစ်တာ မဟုတ်ဘူးဆိုရင် စားနေကျအစာမှာ အမျှင်ဓာတ် များများထည့်စားရင် ဝမ်းလျှောခြင်းကို လျော့ကျစေပါတယ်။ အမျှင်ဓာတ်တွေကို အပြည့်အဝ မချေဖျက်နိုင်တဲ့အတွက် သူတို့တွေက ဝမ်းကို မာစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















