/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်းမည်းမည်း-သွားနေလား

ဝမ်းမည်းမည်း သွားနေလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိမ်သာတက်ရင်းနဲ့ ငုံ့ကြည့်မိတော့ အမည်းရောင်ကြီးမြင်တော့ လန့်သွားပါသလား။ ဒါဟာ သွေး၀မ်းလား၊ ငါ့မှာ ဘာရောဂါဖြစ်နေပြီလဲလို့ သောကများ အတွေးမပွားစေဖို့ ၀မ်းမည်းတတ်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

          ဝမ်းမည်းမည်းကြီး သွားတိုင်းတော့ မလန့်သွားပါနဲ့ဦး။ ဝမ်းမည်းရတဲ့ အကြောင်းရင်းတွေက အများကြီးပါ။ သံဓာတ်အားဆေးတွေ အသောက်များရင်လည်း ဖြစ်တတ်သလို Oreo ဘီစကစ်တွေကြောင့်လည်း ဖြစ်တတ်သေးတယ်။ ပြီးတော့ အူဖြတ်ထားတဲ့လူတချို့မှာလည်း သာမန်လူလောက် အစာမကြေညက်လု့ိ ဝမ်းမည်းတတ်တယ်နော်။ ဒါပေမဲ့ အရင်တုန်းက သွေးအန် သွေးဝမ်း သွားဖူးတာရှိရင်၊ ဝမ်းက မည်းတဲ့အပြင် အနံ့ပါ ဆိုးနေရင်၊ ရက်ပိုင်းကြာလာရင် သတိထားပါတော့။

 

>>    အစားအသောက်တွေ၊ ဆေးတွေကြောင့်ဖြစ်တဲ့ ဝမ်းမည်းမည်း

          သံဓာတ်အားဆေးတွေကို သီးသန့်အားဆေးအဖြစ်ပဲ သောက်သောက်၊ multivitamin အားဆေးအဖြစ်ပဲ သောက်သောက် ဝမ်းမည်းမည်းဖြစ်တတ်ပြီးတော့ တစ်ခါတလေ ဝမ်းစိမ်းစိမ်းတောင် သွားတတ်သေးတယ်။ နက်ပြာရောင်၊ အနက်ရောင်နဲ့ အစိမ်းရောင် အစားအသောက်တွေကလည်း ဝမ်းမည်းစေတတ်တယ်နော်။

 

>>    ဝမ်းမည်းစေတတ်တဲ့ဆေးတွေကို ပြောရရင်

●        အမည်းရောင်နွယ်ချို

●        ဘလူးဘယ်ရီသီး

●        သံဓာတ်အားဆေး

●        ခဲ

●        Bismuth အစာအိမ်ဆေးတွေ ပါ,ပါတယ်။

          ဝမ်းမည်းမည်းတွေ သွားနေပေမယ့် စားထားတဲ့ အစားအသောက်နဲ့ ကိုက်နေတယ်ဆိုရင် ကိစ္စမရှိဘူးပေါ့။ ဘာမှမစားမိဘဲ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပြီပေါ့နော်။

 

>>    သွေးဝမ်းမည်းမည်း သွားတယ်ဆိုတာ

          ကပ်စေးစေး အနံ့ဆိုးဆိုး ဝမ်းမည်းမည်းသွားပြီး ရေဆေးလိုက်တဲ့အခါ အနီရောင် ပြောင်းသွားတာကို သွေး၀မ်းသွားတယ် ခေါ်ပါတယ်။

          အစာပြွန်၊ အစာအိမ်ကနေ သွေးတွေထွက်နေခဲ့ရင် ဝမ်းတွေ မည်းနေလိမ့်မယ်။ ထွက်လာတုန်းကတော့ သွေးပေမယ့် အူလမ်းကြောင်းတစ်လျှောက် အင်ဇိုင်းတွေနဲ့ ထိတွေ့မိပြီး သွေးအနီရောင်ကနေ အမည်းရောင် ပြောင်းသွားတာပါ။ အဲဒါကြောင့် သွေး ပါ၊ မပါ မသိနိုင်တာပေါ့။ ဝမ်းနဲ့သွေးနဲ့ရောပြီး သွားတာကျတော့ အူလမ်းကြောင်းအောက်ပိုင်း အူမကြီးနဲ့ ဝမ်းအိမ်ကနေ ဆင်းလာတာဖြစ်တယ်။ အောက်ပိုင်းမှာ ထိတွေ့စရာ အင်ဇိုင်းနည်းပါးတဲ့အတွက် သွေးအတိုင်း နီနေတာပါ။

          ဝမ်းမည်းမည်းတွေအပြင် မူးဝေလာတာ၊ မူးလဲကျတာ၊ နာတာ၊ အန်တာတွေနဲ့ပါ တွဲနေရင် ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုလာပြီနော်။ တချို့လူတွေမှာတော့ အစောကြီးကတည်းက သွေးထွက်စေနိုင်တဲ့ အခြားရောဂါတွေ ရှိနေတတ်ပါတယ်။

          အရောင်မည်းနေတာ တစ်ခုတည်းကတော့ သွေးလို့ မပြောနိုင်ဘူးနော်။ အဲဒါကြောင့် ဆရာဝန်နဲ့ပြပြီးတော့ တကယ် သွေး ဟုတ်၊ မဟုတ်ကို စအိုစမ်းသပ်စစ်ဆေးတာ၊ ဝမ်းစစ်တာတွေ လုပ်လု့ိရတယ်။

          သွေးထွက်တာ သေချာတယ်ဆိုရင် အစာလမ်းကြောင်း မှန်ပြောင်းကြည့်တာ၊ ဓာတ်မှန်ရိုက်တာ၊ သွေးစစ်တာ၊ အူလမး်ကြောင်း မှန်ပြောင်းကြည့်တာ၊ ဝမ်းပိုးစစ်တာ၊ ဝမ်းတွင်း barium ထည့် ဓာတ်မှန်ရိုက်တာတွေ လုပ်ပြီးတော့ ဘာကြောင့်ဖြစ်လဲဆိုတာ ရှာလို့ရပါတယ်။

 

>>    သွေး၀မ်းသွားစေနိုင်တဲ့ အကြောင်းရင်းတွေကို ပြောရရင် -

●        အစာအိမ်အနာ : Helicobacter pylori လို့ခေါ်တဲ့ ပိုးကြောင့်ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ အပူအစပ်တွေက မဖြစ်စေနိုင်ပေမယ့်လည်း ပိုဆိုးစေတတ်တာတော့အမှန်ပဲ။ အဲဒါကြောင့် အဓိက,က ဒီပိုးတွေအတွက် ပိုးသတ်ဆေး သောက်ပေးရမယ်။ ပြီးတော့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ ibuprofen, အက်စပရင်ဆေးတွေကလည်း အစာအိမ်အနာ ဖြစ်စေတတ်တယ်။ ဆေးဖြတ်လိုက်ရင် ပျောက်သွားပါလိမ့်မယ်။

●        အစာအိမ်ရောင်ခြင်း : အရက်တွေ၊ အစားအသောက်တွေ အများကြီး စားသောက်တာ၊ အစပ်တွေ၊ ဆေးလိပ်၊ ပိုး၊ အကိုက်အခဲပျောက်ဆေး ရေရှည်သောက်တာတွေကြောင့် ရောင်တတ်တယ်။ ထိခိုက်ဒဏ်ရာတွေ၊ ခွဲစိတ်မှုတွေကြောင့်လည်း ရောင်တတ်သေးတယ်။

●        အစာပြွန်သွေးကြော ဖောင်းခြင်း : အစာပြွန်အောက်ပိုင်း၊ အစာအိမ်အပေါ်ပိုင်းတွေမှာ ဖြစ်တတ်ပြီး ဒီသွေးကြောတွေပေါက်ထွက်သွားရင် သွေးထွက်ပြီး သွေးဝမ်းသွားတာ၊ သွေးအန်တာတွေ ဖြစ်နိုင်တယ်။ အသည်းခြောက်နေတဲ့လူတွေမှာ အသည်းသွေးကြော ဖိအားများလာရင် ဖြစ်တတ်တယ်။

●        အစာပြွန်ပြဲခြင်း : အစာပြွန်နဲ့ အစာအိမ်အဆက်နားမှာ ပြဲတတ်ပြီး သွေးထွက်လာတတ်တယ်။ အပြင်းအထန်အန်တာ၊ ချောင်းဆိုးတာ၊ တက်တာတွေကြောင့် ဖြစ်တတ်ပေမယ့် ရှားပါတယ်။

          ဒါကြောင့် နောက်ဆုံးပြောရရင် ဝမ်းမည်းမည်းသွားတိုင်း မလန့်ပါနဲ့။ ကိုယ် ဘာစားမိလဲ ပြန်စဉ်းစားပါ။ အန်တာ၊ ဝမ်းသွားတာ၊ နာတာတွေနဲ့ တွဲနေရင်တော့ ဆရာဝန်နဲ့ အမြန်ပြကြည့်ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)