ဝမ်းသွားရင် စအိုနာတာ ဘာအကြောင်းတွေကြောင့်လဲ
အလေးသွားစဉ် စအိုနာခြင်းဟာ အမျိုးသား၊ အမျိုးသမီး မရွေး ဖြစ်ပေါ်နိုင်ပါတယ်။ သို့သော် အများစုအနေနဲ့ ရှက်ရွံ့ကြတာမို့ ဆရာဝန်မပြဘဲ ဒီတိုင်းပစ်ထားရာကနေ ပိုဆိုးသွားတတ်ပါတယ်။ စအိုနာခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာ ရှိပါတယ်။ မိမိအနေဖြင့် ဖြစ်စေသော အကြောင်းရင်းကို သေချာစွာသိမှသာ ပျောက်ကင်းအောင် ကုသနိုင်မှာ ဖြစ်ပါတယ်။ ဒါဆို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်။
(၁) လိပ်ခေါင်း
လိပ်ခေါင်းဟုဆိုရာတွင် အတွင်းလိပ်နဲ့ အပြင်လိပ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ သင့်ဝမ်းအိမ်တွင်ရှိသော သွေးပြန်ကြောများ ဖောင်းကားလာရာကနေ လိပ်ခေါင်းဆိုပြီး ဖြစ်ပေါ်လာတာပါ။ ဝမ်းဗိုက်တွင်း ဖိအားများစေသော အကြောင်းရင်းများ (ဥပမာ - အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်များ) ကြောင့် လိပ်ခေါင်းဖြစ်ပေါ်ရပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
(၂) စအိုကွဲကြောင်းများ ဖြစ်ပေါ်ခြင်း
စအိုအရေပြားတွင် အကွဲကြောင်းများ ဖြစ်ပေါ်ရာကနေ အလေးသွားတိုင်း အလွန်နာကျင်စေတာ ဖြစ်ပါတယ်။ ဒဏ်ရာရခြင်း၊ စအိုကနေ လိင်ဆက်ဆံခြင်းတို့ကြောင့် စအိုကွဲကြောင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ ဝမ်းသွားစဉ် နာကျင်ခြင်းနဲ့အတူ သွေးစများ ပါ၊ မပါ လေ့လာကြည့်ပါ။
(၃) ဝမ်းချုပ်ခြင်း
အမျှင်ဓာတ် လုံလောက်အောင် မစားခြင်း၊ ရေဓာတ် မပြည့်ဝခြင်းတို့ကြောင့် ဝမ်းချုပ်စေပါတယ်။ အလွန်ဝမ်းချုပ်ပါက ဝမ်းသွားတိုင်း ညှစ်ထုတ်ရတဲ့အတွက် နာကျင်စေပါတယ်။
(၄) ဝမ်းအိမ်ရောင်ခြင်း
အူပြဿနာများကြောင့်ဖြစ်စေ၊ လိင်ကနေတစ်ဆင့် ကူးစက်သောရောဂါများကြောင့်ဖြစ်စေ ဝမ်းအိမ် ရောင်ရမ်းနိုင်ပါတယ်။ ဝမ်းအိ်မ်နဲ့ စအိုက ဆက်စပ်နေတာမို့ ဝမ်းအိမ်ရောင်ခြင်းကြောင့် စအိုဝတွင် နာကျင်စေတတ်ပါတယ်။
(၅) အူရောင်ခြင်း
အူလမ်းကြောင်းရောဂါများကြောင့် တရစပ် ဝမ်းသွားနေသူများတွင် ဝမ်းဖြင့် ပွတ်တို်က်မှု များရာကနေ စအိုပွန်းပြီး နာကျင်စေနိုင်ပါတယ်။
(၆) မကြာခဏ အလေးသွားခြင်း
ဝမ်းပျက်တာမျိုး မဟုတ်ဘဲ အစာစားပြီးတိုင်း အလေးသွားလေ့ရှိသူများကို ဆိုလိုပါတယ်။ အပေါ်မှာပြောသလိုပဲ စအိုကို ပွန်းစေပြီး နာကျင်စေပါတယ်။
(၇) သားအိမ်နံရံရောင်ခြင်း
အမျိုးသမီးများ ရာသီလာစဉ်တွင် စအိုဝနာကျင်ခြင်း ဖြစ်ပေါ်ပါက သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
(၈) လတ်တလော စအိုကနေတစ်ဆင့် လိင်ဆက်ဆံထားသူဖြစ်ခြင်း
ဒါကတော့ ရှင်းပါတယ်။ စအိုဝကို လတ်တလော ထိုးသွင်းထားခြင်းကြောင့် နာကျင်ရခြင်း ဖြစ်ပါတယ်။
(၉) ကြွက်နို့၊ စအိုကင်ဆာ၊ ဝမ်းအိမ်ကင်ဆာ
စအိုနာကျင်ခြင်းအပြင် သိသိသာသာ ပိန်လာခြင်းမျိုးရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး ရောဂါရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















