သက်သတ်လွတ် စားရင်းနဲ့ အားရှိအောင် လုပ်လို့ရပါတယ်
ယနေ့ခေတ်မှာ လူကြီးများသာမက လူငယ် တော်တော်များများပါ သက်သတ်လွတ် စားလာကြပါတယ်။ အသားဓာတ်ကို ရှောင်ခြင်းဟာ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုပေမယ့်လည်း အသား လုံးဝမစားသောအခါတွင်လည်း အားနည်းခြင်းနှင့် အခြားသောဆိုးကျိုးများ ရရှိနိုင်ပါတယ်။ သို့သော်လည်း ဝမ်းသာစရာအနေနဲ့ အသားမစားဘဲ အသားဓာတ် ရနိုင်သောအစာများကို ရွေးချယ် စားနိုင်ပါသေးတယ်။
(၁) အသားဓာတ် လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။
လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန်အလိုက် တစ်နေ့တာ အသားဓာတ် လိုအပ်ချက်က ကိုယ်အလေးချိန် တစ်ပေါင်လျှင် ၀.၃၆ ဂရမ် ဖြစ်ပါတယ်။ အသားဓာတ်က အရိုးနှင့် ကြွက်သားများ ဖွံံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အသားမစားသူများအနေဖြင့် အသီးအနှံနှင့် ပဲများကနေ အသားဓာတ်က ိုရရှိနိုင်ပါတယ်။
● ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ ဟင်းနုနယ်ရွက်များ
● ဖရုံစေ့နှင့် နေကြာစေ့များ
● အုတ် oatmeal နှင့် ဂျုံကြမ်းပေါင်မုန့်များတွင်လည်း အသားဓာတ်တွေ ပါဝင်တာမို့ သက်သတ်လွတ်သမားများအတွက် အဆင်ပြေပါတယ်။
(၂) တစ်နေ့တာ လိုအပ်သောစွမ်းအင်ရရှိဖို့ လိုအပ်ပါတယ်။
သက်သတ်လွတ်သမား အများစုအနေဖြင့် အသားရှောင်ခြင်းကြောင့် တစ်နေ့တာလုံး နုံးချိအားနည်းခြင်း၊ မူးဝေခြင်းကို ခံစားရပါတယ်။ အိပ်ရေးပျက်ခြင်း၊ ကော်ဖီ အသောက်များခြင်း၊ သကြား အစားနည်းခြင်းရှိပါက ပိုလို့တောင် အားနည်းနေနိုင်ပါတယ်။ ဒါဟာ တကယ်တော့ အသားစားခြင်းဖြင့် ရနိုင်သော Vitamin B12 ချို့တဲ့လို့ပါ။
ဗီတာမင် B12 ချို့တဲ့ပါက -
● နုံးခြင်း
● ကြွက်သားများ အားနည်းခြင်း
● စိတ်တိုခြင်း
● ပျို့အန်ခြင်း
● ခြေလက်များ ထုံကျဉ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
သက်သတ်လွတ်သမားများအနေဖြင့် ဗီတာမင် B အုပ်စုပါသော အားဆေးများကို နေ့စဉ် မှီဝဲသင့်ပါတယ်။
(၃) ပုံစံမျိုးစုံ ပြောင်းလဲချက်ပြုတ်ဖို့ မပျင်းပါနဲ့။
နေ့တိုင်း အရွက်သုပ်၊ အရွက်ကြော်များကိုသာ စားနေရခြင်းဟာ ကျန်းမာရေးနှင့် မညီညွတ်သော သရေစာများ စားလိုစိတ်ကို မြှင့်တင်ပေးပါလိမ့်မယ်။ ဒါဆို လွယ်ပါတယ်။ အသီးအရွက်များကို ကင်စားခြင်းနှင့် ပုံစံပြောင်းစားခြင်း ပြုလုပ်ကြည့်ပေါ့။ သစ်သီးများကို ဖျော်ရည်လုပ်သောက်ခြင်း၊ သက်သတ်လွတ်ဘာဂါ လုပ်စားခြင်းများကိုလည်း ကြိုးစားကြည့်ပါ။
(၄) သံဓာတ်နှင့် ဇင့်ဓာတ် ကြွယ်ဝသောအစာများကို စားသုံးပါ။
သွေးနီဥများ ထုတ်လုပ်ဖို့အတွက် သံဓာတ်က မရှိမဖြစ် အရေးကြီးပါတယ်။ သံဓာတ်နည်းနေပါက မူးဝေခြင်း၊ နုံးခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ခံစားရစေပါတယ်။ သက်သတ်လွတ်သမားများအနေဖြင့် သံဓာတ်ပါဝင်သော အစာများဖြစ်သည့် ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ သစ်သီးခြောက်များ၊ အားဖြည့်ပေါင်မုန့်များနှင့် cereal များကို စားသင့်ပါတယ်။ ထို့ပြင် ဇင့်ဓာတ်ပါဝင်သော အစေ့အဆံများနှင့် ပဲများကိုပါ စားနိုင်ပါတယ်။ ဇင့်ဓာတ်က ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပါတယ်။
(၅) ကယ်ဆီယမ်နှင့် ဗီတာမင်ဒီကို ရရှိဖို့ အရေးကြီးပါတယ်။
သင့်အရိုးတွင်းကျန်းမာဖို့ ကယ်ဆီယမ်နှင့် ဗီတာမင်ဒီက မရှိမဖြစ် အရေးကြီးပါတယ်။ ထို့ပြင် ဗီတာမင်ဒီက ကြွက်သားနှင့် တစ်သျှူးများ ကျန်းမာကြံ့ခိုင်စေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ကင်ဆာရောဂါများကို ကာကွယ်ခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းစေခြင်းစသော အကျိုးကျေးဇူးများကို ပေးစွမ်းပါတယ်။ ဒါဆို ဗီတာမင်ဒီနဲ့ ကယ်ဆီယမ်ရရှိအောင် ဘယ်လိုအစာတွေစားမလဲ။ ဗီတာမင်ဒီကို ရရှိဖို့ အလွယ်ဆုံးနည်းကတော့ မနက်စောစော နေရောင်ခြည်နှင့် ထိတွေ့ပါ။ ထို့ပြင် ကြက်ဥအနှစ်၊ ပဲနို့နှင့် အဆီပါသောငါးများ စားသုံးပါ။
ဗီတာမင်ဒီအားဆေးများကိုလည်း ဈေးကွက်ထဲတွင် အလွယ်တကူ ဝယ်ယူ သောက်သုံးနိုင်ပါတယ်။ ကယ်ဆီယမ်ကိုတော့ နို့နှင့် နို့ထွက်ပစ္စည်းများကနေတစ်ဆင့် ရရှိနိုင်ပါတယ်။
ကဲ ... ဒါဆိုရင်တော့ သက်သတ်လွတ်စားပြီး အားမရှိမှာ မပူရတော့ဘူးနော်။ အထက်ပါအတိုင်း လိုက်နာတဲ့အပြင် အသားဓာတ်နှင့် ဗီတာမင်များပါသော အားဆေးများကိုလည်း နေ့စဉ်မှီဝဲဖို့ မမေ့ကြနဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















