သင့်ခံတွင်းကျန်းမာရေး ကောင်းမွန်စေဖို့ လုပ်ဆောင်ရမယ့်အချက်များ
သင့်အနေနှင့် သွားပိုးပေါက်တွေများနေပြီး ခံတွင်းအနံ့ဆိုးမှာကို ပူပန်နေပါသလား။ ဒါဆိုရင်တော့ သွားတွေကို စနစ်တကျ သန့်ရှင်းပေးဖို့ လိုအပ်နေပါပြီ။ ဒီဆောင်းပါးလေးမှာတော့ သွားကျန်းမာရေးအတွက် လိုက်နာသင့်တဲ့ လွယ်ကူရိုးရှင်းတဲ့အချက်လေးတွေကို လေ့လာရမှာဖြစ်ပါတယ်။
(၁) အစားအသောက်တွေမှာ ပုန်းအောင်းနေတဲ့ အချိုဓာတ်ကို ရှာဖွေပါ
အစားအသောက်နှင့်ဖျော်ရည်တွေမှာ ကျွန်မတို့ အံ့အားသင့်လောက်အောင် အချိုဓာတ်တွေ များပြားနေပါတယ်။ ဒါကြောင့် ဒီလိုအစားအသောက်တွေကို နေ့စဉ်စားမယ်ဆိုရင်တော့ သွားပိုးပေါက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် အစားအစာတစ်ခုကို မစားခင်မှာ ပါဝင်တဲ့သကြားပမာဏကို အိတ်/ဘူးခွံပေါ်မှာ ကြည့်ရှုသင့်ပါတယ်။
(၂) ဆီးချို ရှိ၊ မရှိ စစ်ဆေးပါ
ဆီးချိုရှိသူများအနေနှင့် ကောင်းစွာကုသမှုမခံယူဘူးဆိုရင် သွားဖုံးသွေးယိုခြင်းနှင့် သွားတွေကို ခိုင်ခန့်အောင် ထောက်ပံ့ပေးသော အရိုးတွေကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူများဟာ ပုံမှန်ဆေးကုသမှုခံယူဖို့လိုသလို သွားများကိုလည်း စစ်ဆေးမှုခံယူသင့်ပါတယ်။
(၃) ဆေးလိပ်ဖြတ်ပါ
သွားတွေကိုသာမက တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနှင့် အနံ့အရသာတွေ ပိုမိုကောင်းမွန်လာပြီး သွားတွေကိုလည်း ဖြူစင်လှပလာစေပါတယ်။ ထို့ပြင် ခံတွင်းကင်ဆာဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။
အခုဖော်ပြသွားတဲ့အချက်လေးတွေကို လိုက်နာမယ်ဆိုရင်တော့ လှပပြီး ကြံ့ခိုင်တဲ့သွားလေးတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















