သင် ခြေကုန်လက်ပန်းကျနေပြီလား ... ဒါဆိုရင် စွမ်းအင်တွေ ပြန်လည်ရရှိစေဖို့ ဒီနည်းလေးတွေ ပြုလုပ်ကြည့်ပါ
ပင်ပန်းနွမ်းနယ်ခြင်းဟာ မကြာခဏ ကြုံတွေ့ရတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး သက်လတ်ပိုင်းအရွယ်တွေမှာ ပိုမိုအဖြစ်များတတ်ပါတယ်။ ဒီလို မကြာခဏ ပင်ပန်းနေသူများအတွက် စွမ်းအင်တိုးပွားစေမယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ရအောင်နော်။
(၁) ကျန်းမာရေးပြဿနာ အဖြေရှာပါ
ပင်ပန်းနွမ်းနယ်ခြင်းဟာ ဆီးချို၊ သွေးအားနည်းခြင်း၊ နှလုံးနှင့် သိုင်းရွိုက်ရောဂါစတဲ့ ကျန်းမာရေးပြဿနာတစ်ခုခုရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို ပင်ပန်းနေတယ်လို့ ခံစားနေရပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ ထို့ပြင် အချို့သောသောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနှင့်လည်း နုံးနေ၊ ပင်ပန်းနေတတ်တဲ့အတွက် ဆေးတစ်ခုကို မသောက်ခင် ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။
(၂) လှုပ်ရှားတက်ကြွအောင် နေထိုင်ပါ
ပင်ပန်းနေပါတယ်ဆိုမှ ဘယ်လိုလှုပ်ရှားမလဲလို့ မေးဖွယ်ရှိပေမယ့် လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ စွမ်းအင်ကို တိုးပွားစေတယ်လို့ သိရပါတယ်။ နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ လန်းဆန်းတက်ကြွပြီး မိမိကိုယ်ကို ယုံကြည်မှုလည်း တိုးပွားလာကြပါတယ်။ ကျန်းမာရေးအတွက်လည်း အဖက်ဖက်က ကောင်းကျိုးတွေ ရရှိစေမှာပါ။
(၃) ယောဂကစားပါ
တစ်ပတ်တစ်ကြိမ်နှင့် ခြောက်ပတ်ခန့် ယောဂကစားသူများရဲ့ ပြောကြားချက်အရ ဒီလိုကစားခြင်းဟာ စိတ်ကို ကြည်လင်စေသလို စွမ်းအင်နှင့် မိမိကိုယ်ကို ယုံကြည်မှုကိုပါ တိုးပွားစေတယ်လို့ သိရပါတယ်။
(၄) ရေများများ သောက်ပါ
ရေဓာတ်နည်းပါးခြင်းဟာ စွမ်းအင်ကို နည်းပါးစေပြီး နေ့စဉ်ဆောင်ရွက်မှုစွမ်းရည်ကိုလည်း ကျဆင်းစေပါတယ်။
ထို့ပြင် လူကိုထိုင်းမှိုင်းစေပြီး အာရုံစူးစိုက်မှုကိုပါ နှောင့်နှေးစေနိုင်ပါသေးတယ်။ ဒါဆိုရင်တော့ ရေဓာတ်ပြည့်ဝအောင် တစ်နေ့ကို ရေ ၂ လီတာ အနည်းဆုံး သောက်ပေးပါ။ အရည်ရွမ်းသော သစ်သီးတွေလည်း စားပေးနိုင်ပါတယ်။
(၅) အိပ်ရာ စောစောဝင်တတ်ပါစေ
ညဘက်မှာ အိပ်ရေးပျက်တဲ့အခါ တစ်နေ့လုံး မလန်းမဆန်းဖြစ်နေတာ ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုမဖြစ်စေဖို့ ညဘက်ကို စောစောအိပ်ပါ။ တစ်ညကို အနည်းဆုံး ၇ နာရီလောက် အိပ်စက်သင့်ပါတယ်။
(၆) ငါးများများစားပါ
သင့်ကို လန်းဆန်းစေအောင် ကူညီပေးမယ့် အိုမီဂါ 3 ကြွယ်ဝတဲ့ ပင်လယ်ငါး၊ တူနာငါး၊ ဆယ်လ်မွန်ငါး စသည်တို့ကို စားပေးနိုင်သလို အိုမီဂါ 3 အားဆေးများကိုလည်း နေ့စဉ်သောက်သုံးနိုင်ပါတယ်။
(၇) ကိုယ်အလေးချိန် ထိန်းသိမ်းပါ
ဝဖြိူးသူတွေဟာ ကိုယ်အလေးချိန်ကျသွားတဲ့အခါ စွမ်းအင်ပိုမိုရရှိပြီး ပေ့ါပါးလန်းဆန်းလာပါလိမ့်မယ်။ စိတ်ခံစားမှုကို ကောင်းစေပြီး မိမိကိုယ်ကို ယုံကြည်မှုတိုးလာတဲ့အတွက် ပျော်ရွှင်သောဘဝကိုပါ ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။
အခု ဖော်ပြသွားတဲ့နည်းလမ်းလေးတွေကို လိုက်နာကြည့်ပြီး ပင်ပန်းနွမ်းနယ်တာတွေကို တိုက်ထုတ်ကြည့်ကြနော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















