/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင်-စိတ်ဓာတ်-ကျနေသလား-မိမိကိုယ်ကို-ဆန်းစစ်ကြည့်ပါ

သင် စိတ်ဓာတ် ကျနေသလား ... မိမိကိုယ်ကို ဆန်းစစ်ကြည့်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သင်ကိုယ်သင် သတိမထားမိဘဲနဲ့ကို သင်ဟာ စိတ်ဓာတ် ကျနေနိုင်ပါတယ်။

          စိတ်ဓာတ် ကျနေသူ တစ်ယောက်ဟာ အိပ်ရာထဲက မထွက်ချင်၊ ချစ်ခင်ရင်းနှီးသူတွေနဲ့မှ အတူမနေချင်၊ ကိုယ်ကြိုက်ခဲ့တဲ့အလုပ်တွေကို မလုပ်ချင် ဖြစ်နေတတ်တယ်။ စိတ်ဓာတ်ကျခြင်းရဲ့ ရောဂါလက္ခဏာအမျိုး ၅၀ လောက် ရှိပါတယ်။ ငိုယိုဝမ်းနည်းတာလိုမျိုး သိသာထင်ရှားတဲ့ စိတ်ဓာတ်ကျခြင်းတွေ ရှိသလို ဒေါသဖြစ်နေတာ၊ အလုပ်တွေ ကျုံးလုပ်တာ၊ ခါးနာတာလိုမျိုး မသိသာတဲ့ စိတ်ဓာတ်ကျခြင်းတွေလည်း ရှိပါတယ်။

 

>>    ရောဂါလက္ခဏာတွေ

          စိတ်ကျရောဂါရဲ့လက္ခဏာတွေ အများကြီးရှိပေမယ့် အဓိကအားဖြင့် ၃ ပိုင်း ခွဲထားတယ်။

●        စိတ်ကျခြင်း၊ အရင်က စိတ်ဝင်စားပျော်ရွှင်ခဲ့တဲ့ အရာတွေမှာ စိတ်ပါဝင်စားမှုမရှိခြင်း၊ စိတ်တက်ကြွမှုမရှိခြင်း၊ ပြဿနာတွေ ဖြေရှင်းနိုင်စွမ်း မရှိတော့ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ အလွန်အကျူး စိတ်ပူပန်ခြင်း၊ မှတ်ဉာဏ်ပြဿနာတွေ ဖြစ်လာခြင်း၊ အလွန်အကျူး အပြစ်ရှိသလို ခံစားနေရခြင်း စတဲ့ စိတ်ခံစားချက်နဲ့ တွေးမြင်သိစိတ်ဆိုင်ရာ လက္ခဏာတွေ

●        နုံးနေခြင်း၊ အအိပ်ပြဿနာတွေ (မနက်အစောကြီး နိုးနေခြင်း၊ ညဘက် အိပ်မပျော်ခြင်း၊ မကြာမကြာ နိုးနေခြင်း၊ အိပ်ချည်းနေခြင်း)၊ အစားအသောက် ပြောင်းလဲခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ တက်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးတုန်ခြင်း၊ ပူစပ်ပူလောင် ထုံထုံကျဉ်ကျဉ်ဖြစ်ခြင်း စတဲ့ ကိုယ်လက္ခဏာတွေ

●        မထိန်းနိုင်မချုပ်နိုင် ငိုယိုခြင်း၊ ဒေါသတကြီး အော်ဟစ်သောင်းကြမ်းခြင်း၊ မိသားစု၊ သူငယ်ချင်းတွေထံကနေ ဝေးကွာလာခြင်း၊ အလုပ်ကျုံးလုပ်ခြင်း၊ အရက်တွေ ဆေးတွေ အလွန်အကျွံ သောက်သုံးခြင်း၊ ဓားနဲ့ လှီးတာလိုမျိုး ကိုယ့်ကိုယ်ကို နာကျင်အောင် ပြုလုပ်ခြင်း၊ အဆိုးဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခြင်း စသဖြင့် အမူအကျင့်လက္ခဏာတွေ

          ဒီလိုလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

 

>>    စိတ်ကျရောဂါတွေကို ခွဲခြားရမယ်ဆိုရင် -

●        Major depressive disorder (အဓိက စိတ်ကျဝေဒနာ) : စိတ်ဓာတ်ကျခြင်း၊ ဘဝမှာစိတ်ဝင်စားစရာ၊ ပျော်စရာကို ရှာမတွေ့ခြင်းစတဲ့ အဓိကလက္ခဏာတွေနဲ့ တခြားနေ့စဉ်ဘဝကို ထိခိုက်လာနိုင်တဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

●        Dysthymia (အပျော့စား စိတ်ကျရောဂါ) : စိတ်ကျရောဂါ အပျော့စားတစ်မျိုးဖြစ်ပြီး အဓိက စိတ်ကျရောဂါအထိကို ရောက်သွားနိုင်ပါတယ်။

●        မီးနေချိန် စိတ်ကျရောဂါ : ကလေး မွေးပြီးပြီးချင်း ရက်သတ္တပတ်အတွင်းမှာ ဖြစ်တတ်ပါတယ်။

●        စိတ်ဖောက်ပြန စိတ်ကျရောဂါ : စိတ်ထင်ရာမြင်ရာ တွေ့မြင်တွေးကြံတတ်တာနဲ့ တွဲပြီးလာတတ်တယ်။

●        ရာသီလိုက် စိတ်ကျရောဂါ : နေ့တိုညရှည်တဲ့ ရာသီတွေမှာ ဖြစ်တတ်ပြီး နွေဦးကို ရောက်လာတာနဲ့ သက်သာသွားတတ်ကြပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)