သင် သိထားသင့်သော အဆစ်များရောင်ရမ်းခြင်းဝေဒနာ
အဆစ်ရောင်ရမ်းခြင်းဆိုတာ အရိုးအဆစ်နှင့်ကြွက်သားများ အားလုံးအပေါ် သက်ရောက်မှုရှိသော ဝေဒနာများစွာကို ခြုံငုံခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အသက်ကြီးသူတွေမှာ အများဆုံး ကြုံတွေ့တတ်သလို ငယ်ရွယ်သူတွေမှာလည်း ခံစားရနိုင်ပါတယ်။
>> ရောဂါလက္ခဏာတွေအနေနှင့်ကတော့ -
● အဆစ်များကိုက်ခဲခြင်း
● တောင့်တင်းခြင်း
● အဆစ်နေရာများ ရောင်ကိုင်းနေခြင်း
● နီရဲနေခြင်းတို့ ဖြစ်ပါတယ်။
ရေရှည်ဖြစ်ပေါ်မယ်ဆိုရင်တော့ စိုးရိမ်သောကများခြင်းနှင့်အတူ စိတ်ကျရောဂါအထိပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
>> အဆစ်ရောင်ခြင်းအမျိုးအစားများ
● အရိုးနုများပျက်စီးခြင်းကြောင့် အရိုးအဆစ်များရောင်ရမ်းခြင်း (Osteoarthritis)
● လေးဖက်နာအဆစ်ရောင်ခြင်း (Rheumatoid arthritis)
● ဂေါက်ရောဂါကြောင့် အဆစ်များရောင်ခြင်းတို့ ဖြစ်ပါတယ်။
>> အဆစ်ရောင်ခြင်းမဖြစ်ပေါ်အောင် လိုက်နာသင့်တဲ့အချက်တွေကတော့ -
● ကိုယ်အလေးချိန်ကို ပုံမှန်ရှိသင့်သော အနေအထားတွင် ထိန်းသိမ်းခြင်း၊ အဝလွန်သူများတွင် ကိုယ်အလေးချိန်ချခြင်းဖြင့် အဆစ်တွေအပေါ် ဖိအားသက်ရောက်တာကို သက်သာစေပါတယ်။
● နေ့စဉ် သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်ခြင်းကလည်း ကိုယ်အလေးချိန်ကျစေနိုင်တဲ့အပြင် အဆစ်တွေ၊ အကွေးအဆန့်လုပ်ရတာ ပိုမိုသက်သောင့်သက်တာရှိစေမှာပါ။
● ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က အဆစ်တွေ ရောင်ရမ်းခြင်းကို ပိုဆိုးစေတဲ့အပြင် အခြားသောကျန်းမာရေးဆိုးကျိုးတွေကိုလည်း ဖြစ်စေပါတယ်။
>> ကုသနည်းများအနေနှင့် -
● အဆစ်ရောင်ခြင်းကို အမြစ်ပြတ်အောင် ကုသနိုင်ခြင်းမရှိဘဲ ရောဂါလက္ခဏာတွေကို ပိုမဆိုးဖို့အတွက်သာ ကုသမှုခံယူရမှာဖြစ်ပါတယ်။
● ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင်မှုကို ကျင့်သုံးခြင်းနှင့် ဆရာဝန်နှင့်ပြသပြီး စနစ်တကျ ကုသမှုခံယူခြင်းတို့ဖြင့် အဆစ်ရောင်ခြင်းကို သက်သာအောင် ကြိုးစားနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















