သည်းခြေအိတ်မရှိဘဲ အသက်ရှင်နေနိုင်ပါသလား
သည်းခြေအိတ်ကို ဖယ်ထုတ်လိုက်ရတာဆိုတာ အဖြစ်များတဲ့ အဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့ ကျွနု်ပ်တို့အနေနဲ့လည်း သည်းခြေအိတ်မရှိဘဲနဲ့ သက်တမ်းစေ့နေနိုင်ပါတယ်။
ခွဲစိတ်ပြီးတော့ ခန္ဓာကိုယ်ထဲကနေ သည်းခြေအိတ်ကို ဖယ်ထုတ်လိုက်ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ ဒါတွေကတော့ -
● ရောဂါပိုး ဝင်ခြင်း
● သည်းခြေအိတ် ရောင်ခြင်း
● သည်းခြေအိတ် ကျောက်တည်ခြင်း
● သည်းခြေအိတ်တွင် အလုံးတွေ့ခြင်း
စတဲ့အခြေအနေတွေမှာ သည်းခြေအိတ်ကို ဖယ်ထုတ်လိုက်ရတာမျိုး ရှိပါတယ်။
သည်းခြေအိတ်မရှိဘဲနဲ့ အသက်ဆက်ရှင်သန်နိုင်ပေမယ့်လည်း သည်းခြေအိတ် မရှိတော့တဲ့အတွက် ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ကာကွယ်ဖို့အတွက်တော့ နေထိုင်မှုပုံစံ အပြောင်းအလဲတွေနဲ့ အစားအသောက်အကျင့်တွေ ပြောင်းဖို့ လိုပါတယ်။ ဒီလိုမျိုး ပြောင်းလဲနေထိုင်နိုင်မယ် ဆိုရင်တော့ သည်းခြေအိတ် ဖယ်ထုတ်ထားပြီးရင်လည်း ပုံမှန်အတိုင်း နေထိုင်သွားနိုင်ပါလိမ့်မယ်။
>> သည်းခြေအိတ်က ဘာလုပ်ပေးတာလဲ?
သည်းခြေအိတ်မရှိဘဲနဲ့ ကောင်းကောင်းအသက်ရှင်နေဖို့ဆိုရင် သည်းခြေအိတ်က ဘာလုပ်ပေးတယ်ဆိုတာကိုသိမှ မရှိရင် ဘာတွေဖြစ်တတ်တယ်ဆိုတာကို သိပါမယ်။
သည်းခြေအိတ်ဆိုတာက ဝမ်းဗိုက်ထဲ အသည်းရဲ့ နောက်နားလေးမှာရှိတဲ့ အစာချေတဲ့ ကိုယ်တွင်းအင်္ဂါ သေးသေးလေးပါ။ သည်းခြေအိတ်နဲ့အသည်းကို သည်းခြေပြွန်နဲ့ ဆက်ထားပြီးတော့ အသည်းထဲက သည်းခြေရည်တွေကို အသည်းပြွန်ကနေတစ်ဆင့် သည်းခြေအိတ်နဲ့ အူသိမ်ဦးပိုင်းထဲကို ပို့ပေးပါတယ်။
သည်းခြေအိတ်ကတော့ အစားအစာတွေကို ဖြိုခွဲဖို့နဲ့ အဆီတွေကို ချေဖျက်ရာမှာ အထောက်အကူပြုတဲ့ သည်းခြေရည်တွေကို သိုလှောင်ပေးပါတယ်။ ကျွန်ုပ်တို့ အစာစားတဲ့အခါမှာ သည်းခြေအိတ်ထဲက သည်းခြေရည်အချို့က အူသိမ်ထဲကို ထွက်လာပြီးတော့ အဆီတွေကို ချေဖျက်ပေးပါတယ်။
သည်းခြေအိတ်သာ မရှိတော့ဘူးဆိုရင် သည်းခြေရည်တွေ သိမ်းထားဖို့နေရာ မရှိတော့ဘဲနဲ့ သည်းခြေရည်တွေက အသည်းထဲကနေပြီးတော့ အူသိမ်ထဲကို တိုက်ရိုက်ထွက်လာပါလိမ့်မယ်။ ဒီအခါမှာ အစားအစာအများစုကို အစာချေနိုင်ပေမယ့်လည်းပဲ အဆီများ (သို့) အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ အများကြီးကိုတော့ အစာချေဖို့ ခက်ခဲသွားစေပါတယ်။ ဒီတော့ ဗိုက်ထဲမှာ လေတွေစုနေပြီးတော့ ဗိုက်ကယ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောတွေကို ဖြစ်စေနိုင်ပါတယ်။
>> သည်းခြေအိတ် မရှိတော့တဲ့အခါမှာ စားနေကျ အစားအစာပုံစံ ပြောင်းပစ်ဖို့လိုသလား?
စားနေကျပုံစံမှာ လိုအပ်တဲ့ အပြောင်းအလဲ နည်းနည်းလုပ်မှသာ သည်းခြေရည်ထွက်တဲ့ပုံစံနဲ့ လိုက်လျောညီထွေ ဖြစ်ပါလိမ့်မယ်။
♦ အဆီကို အကန့်အသတ်နဲ့ စားပါ။
တစ်ခါစားရင် အဆီ 3 g ထက် ပိုမယ့်အစားအစာမျိုးတွေ မစားမိဖို့ကြိုးစားပြီးရှောင်ပါ။ အသင့်ပြုလုပ်ပြီးသားအသားတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ဆော့စ်တွေနဲ့ အခြားအစားအစာတွေ ဝယ်တဲ့အခါမှာ အဆီပါဝင်မှုကို အညွှန်းမှာေ သချာဖတ်ပါ။
အသင့်အတင့်သာ စားသုံးသင့်တဲ့ အခြားအစားအစာတွေကတော့ -
● အသားချောင်း
● အမဲသား
● အကြော်စာများ
● အာလူးကြော်
● ချောကလက်
● အဆီပြည့်နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ
● ခရင်
● ကြက်အရေခွံ
● အသီးအရွက်၊ မြေပဲ၊ သံလွင်ဆီတွေ အများကြီးပါဝင်သော အစားအစာများ
ဒီအစားအစာတွေကို စားနေကျဆိုရင် အဆီနည်း (သို့) အဆီမပါတဲ့ အစားအစာပုံစံကို ပြောင်းစားပါ။ ပုံသေနည်း မှတ်ရမယ်ဆိုရင်တော့ စားတဲ့အစားအစာရဲ့ 30% လောက်ပဲ အဆီဖြစ်သင့်ပါတယ်။ တစ်နေ့ကို အကြမ်းဖျင်း 2000 ကယ်လိုရီစားတယ်ဆိုရင် အဆီကို 60-65 g အောက်ပဲ စားသုံးပါ။
♦ တစ်နေ့လုံးမှာ တစ်ခါတည်း အများကြီးမစားဘဲ ပုံမှန်ပမာဏကို မကြာခဏ စားပေးပါ။
မနက်စာ၊ နေ့လယ်စာ၊ ညစာဆိုတဲ့ အဓိကအစားကြီး ၃ ခုမှာပဲ အစာကို အများကြီး မစားပါနဲ့။ အသည်းကနေပြီးတော့ အစားအစာတွေ အများကြီးကို အစာချေဖို့အတွက် သည်းခြေရည် အလုံအလောက် မထုတ်ပေးနိုင်တဲ့အတွက် ဒီလိုစားပုံမျိုးက အစာချေစနစ်ကို ဝန်ပိစေပါတယ်။
ဒီအစား တစ်ခါစားရင် ကယ်လိုရီ 300-400 လောက်ပဲ ပါအောင်စားပြီး တစ်နေ့ကို ၆ ကြိမ် လောက်စားပါ။ ငါး၊ အရေခွံမပါတဲ့ကြက်သားနဲ့ အခြားပြုပြင်မထားတဲ့ အသားဓာတ်စတဲ့ အဆီမပါတဲ့ အသားဓာတ်တွေ ပါအောင်စားပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးနိုင်ပါတယ်။
♦ အမျှင်ဓာတ် စားသုံးမှုကိုလည်း ကန့်သတ်ထားပါ။
သည်းခြေအိတ် ထုတ်ပြီးပြီးချင်းမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့အစားအစာတွေ စားမယ်ဆိုရင် ဗိုက်ပြည့်ခြင်း၊ ဗိုက်အောင့်၊ ဝမ်းလျှော စတာတွေကို ပိုဆိုးစေပါတယ်။ ကန့်သတ်ပြီး စားသုံးသင့်တဲ့ အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာတွေကတော့ -
● ပန်းမုန်လာမျိုး
● ပန်းဂေါ်ဖီ
● ဂေါ်ဖီထုတ်
● ပဲ
● မြေပဲ၊ အယ်မွန်သီးစတဲ့ အခွံမာသီးများ
● Whole grain ပေါင်မုန့်ကဲ့သို့သော အမျှင်ဓာတ်များသော ပေါင်မုန့်များ
● အမျှင်ဓာတ်များသော ကောက်ပဲသီးနှံများ
ဒီအစားအစာတွေကို လုံးဝမစားရဘူးလို့ မဆိုလိုပါဘူး။ နည်းနည်းပဲ စစားပြီးတော့မှ ခန္ဓာကိုယ်က လက်ခံနိုင်လာတဲ့အခါမှာ ဖြည်းဖြည်းချင်း တိုးပြီးစားသွားပါ။
♦ ကဖင်းဓာတ် စားသုံးမှုကိုလည်း ကန့်သတ်ထားပါ။
လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်တွေမှာပါတဲ့ ကဖင်းဓာတ်ကလည်း သည်းခြေအိတ် ဖယ်ထုတ်ပြီးတဲ့နောက်မှာ ဗိုက်ထဲမှာ လေထစေပြီးတော့ ဗိုက်ကယ်ခြင်းကို ပိုဆိုးစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဖင်းဓာတ်က အစာအိမ်ထဲက အက်ဆစ်ထွက်တာများစေပြီးတော့ ပုံမှန်ထက် ပိုမြန်ပြီးတော့ အစာအိမ်ထဲကအစာတွေကို ကုန်စေပါတယ်။ အစာအိမ်ထဲက အစာတွေကို အူထဲကို ပို့တဲ့အခါမှာ ကူညီပြီးတော့ ချေဖျက်ပေးဖို့ သည်းခြေရည် အလုံအလောက်မရှိဘူးဆိုရင် သည်းခြေအိတ် ထုတ်လိုက်တဲ့လက္ခဏာတွေကို ပိုဆိုးစေပါတယ်။
အမျှင်ဓာတ်လိုပဲ ကဖင်းဓာတ်ကိုလည်း နည်းနည်းစီ စစားပြီးတော့ ခန္ဓာကိုယ်က လက်ခံနိုင်ပြီဆိုမှ ဖြည်းဖြည်းချင်း တိုးပြီးစားပါ။
>> နေထိုင်မှုပုံစံတွေရော ပြောင်းလဲဖို့ လိုသလား?
အစာစားတိုင်းမှာ ဘယ်အစားအစာတွေ အထူးသဖြင့် အဆီများ၊ အစပ်များ၊ အက်ဆစ်ပါတဲ့အရာတွေကို န္ဓာကိုယ်က ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို သေချာမှတ်ထားပါ။ စားတဲ့အစားအစာတွေကို စာရင်းလုပ်ထားပြီးတော့ တစ်ကြိမ်ကို အစားအစာတစ်ခုစီအလိုက် ဘယ်လောက်စားမိတယ် ဆိုတာကို သေချာမှတ်ထားပါ။ ဒီလိုလုပ်ထားခြင်းဖြင့် ဘယ်အစားအစာတွေကို ရှောင်ရမယ်၊ ဘာတွေကို နည်းနည်းပဲ စားသင့်တယ်ဆိုတာနဲ့ တခြားအချက်တွေကို သိနိုင်စေပါတယ်။
>> သည်းခြေအိတ် မရှိတာက လူ့သက်တမ်းပေါ်မှာ အကျိုးသက်ရောက်မှုရှိလား?
သည်းခြေအိတ် ရှိခြင်း? မရှိခြင်းက လူ့သက်တမ်းပေါ်မှာ ဘာသက်ရောက်မှုမှ မရှိပါဘူး။ အစားအသောက်ပုံစံ ပြောင်းလဲမှုလေးတွေ လုပ်လိုက်မယ်ဆိုရင် သက်တမ်းကို ပိုရှည်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ အဆီနည်း၊ နို့နည်းပြီးတော့ ပြုပြင်ထားတဲ့ အစားအစာတွေကို နည်းနည်းပဲစားပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာကလည်း သွေးတိုး၊ နှလုံးရောဂါ၊ ဆီးချိုနဲ့ တချို့ကင်ဆာရောဂါတွေ ဖြစ်နိုင်ချေကိုတောင်မှ လျော့ကျစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















