/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သန့်ရှင်းကျန်းမာတဲ့-အိမ်ကလေးတစ်လုံး-ဖန်တီးကြမယ်

သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖန်တီးကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အကြောင်းရင်းမရှိဘဲ မကြာခဏ နှာစေး၊ နှာမွှန်နေပါသလား။ ဘာမှ ထွေထွေထူးထူး မလုပ်မိဘဲ ချောင်းတဟပ်ဟပ်နဲ့ ချွဲခဏခဏ ထနေတတ်ပါသလား။ ဒါဆိုရင်တော့ တိုက်ခန်းထဲ၊ အိမ်ထဲမှာ  ပျံ့လွင့်နေတတ်တဲ့၊ မမြင်နိုင်တဲ့ ညစ်ညစ်ပတ်ပတ် အမှုန်အမွှားတွေ၊ အနံ့မကောင်းတာတွေကြောင့်ပါတဲ့။

          အိမ်လေးကို သစ်သစ်လွင်လွင်နဲ့ လန်းဆန်းအေးမြပြီး သန့်စင်နေအောင် ဘယ်လိုကြိုးစားကြည့်ရင် ကောင်းမလဲနော်။

●        မလျှော်ဘဲ ထပ်ခါထပ်ခါ ပြန်သုံးနေတဲ့ ကြမ်းတိုက်ဝတ်တွေဟာ ညစ်ပေတဲ့အမှုန်တွေထွက်တဲ့ လမ်းစပါ။ ကြမ်းတိုက်ဝတ်ကို တစ်ခါတိုက်ပြီးတိုင်း ရေနဲ့ လျှော်ချလိုက်ပြီး နေပြင်းပြင်းမှာ ထုတ်လှမ်းပါ။

●        ကြမ်းတိုက်ဝတ်တွေကို အိမ်ခန်းထဲမှာ မထားပါနဲ့တဲ့။ အပြင်ဝရန်တာကို ထုတ်ထားပါတဲ့။ ကြမ်းတိုက်ချောင်း၊ ကြမ်းတိုက်ဝတ်ထဲက အညစ်အကြေးတွေဟာ အိမ်ထဲမှာ လွင့်ပျံနေတတ်ပါတယ်။

●        ကော်ဇောတွေကို ဖုန်စုပ်စက်နဲ့ စုပ်ပါ။ တစ်ပတ်တစ်ခါ ခါပါ။ တုတ်နဲ့ရိုက် လူသုံးယောက်လောက်ကိုင်ပြီး  အပြင်မှာ အားရပါးရ ခါခက်ပြီးမှ ပြန်ခင်းပေးပါ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက်တော့ လုပ်သင့်ပါတယ်။

●        မြန်မာတွေ အသုံးများတဲ့ တံမြက်စည်းဟာ အမှုန်တွေ အရမ်းထွက်လွန်းတဲ့အရာမို့လို့ တံမြက်စည်း လှည်းနေချိန်မှာ နှာခေါင်းစည်း တပ်ပါ။ တံခါးတွေ အကုန်ဖွင့်ထားပါ။

●        လှဲကျင်းပြီးတဲ့အခါ အကျႌလဲပါ။ ရေချိုးချပါ။ တံခါးတွေ အကုန်ဖွင့်ထားပါ။ တံမြက်စည်းကို ခါပြီး အပြင်ကို ထုတ်ထားလိုက်ပါ။ တိုက်ခန်းနေသူအတွက် တံမြက်စည်းလှည်းခြင်းထက် သမံသလင်းကို  အစိုတိုက်တာ ရေဆေးချပြီး သန့်ရှင်းတာက အဆင်အပြေဆုံးပါ။

●        အိပ်ရာအိပ်ရာခင်းဟာ ရောဂါပိုးတွေ ပျံ့နှံ့ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောနေရာပါ။ ဖုန်းကို အိပ်ရာပေါ် မတင်ပါနဲ့၊ အိပ်ရာခင်းတွေကို မှန်မှန်လျှော်ပေးပါ။ ဂရုတစိုက်နဲ့ မကြာခဏ သန့်ပေးလို့  ခေါင်းအုံးဖုံးလေးတွေ အသစ်လို လန်းဆန်းသစ်လွင်နေရင် ကြည့်ရတာလည်း သပ်ရပ် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါပြီနော်။

●        ဆိုဖာတွေ ထိုင်ခုံအခင်းတွေ၊ ခြေသုတ်ခုံတွေကိုလည်း  ဖြစ်နိုင်ရင် နေ့စဉ်ခါပြီး ရေလျှော်လို့ရရင်တော့  တစ်လတစ်ခါလောက် ဖြုတ်ပြီး လျှော်ပေးသင့်ပါတယ်။

●        အဲယားကွန်း အကာစစ်တဲ့ ဆန်ခါတွေကို လဲဖို့ မနှမြောပါနဲ့။

●        အိမ်တွင်းမှာ အပင်လေးတွေ ထားပါ။  စိမ်းစိုလတ်ဆတ်တဲ့ အရွက်လေးတွေ ဝေဝေဆာဆာ ပန်းအိုးထိုးပါ။ အရွက်စိမ်းစိမ်းတွေက လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသွားလို့ အခန်းတွင်းလေထုကို အထူးသန့်ရှင်း စင်ကြယ်စေမှာ ဖြစ်ပါတယ်။

          အပေါ်က အချက်တွေကို ကြည့်လိုက်ရင်ဖြင့် မိမိနေကောင်း ကျန်းမာဖို့ အိမ်သန့်ရှင်းရေးကို အလေးဂရုပြုလို့  ပုံမှန် သန့်စင်လဲလှယ်ပေးခြင်းသာ တကယ်အလုပ်ဖြစ်တယ်ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ မိမိအိမ်လေးကို စနစ်တကျ ပုံမှန်သန့်ပြန့်အောင်ထားခြင်းဖြင့် ရောဂါပိုးတွေနဲ့ ဝေးဝေးနေကြပါစို့နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)