/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သံဓာတ်အားဆေးတွေက-ခေါင်းကိုက်စေနိုင်သလား

သံဓာတ်အားဆေးတွေက ခေါင်းကိုက်စေနိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်မယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေမှာပါ။ ဒါပေမဲ့လည်း တချို့သော ကျန်းမာရေးပြသနာတွေမှာတော့ သံဓာတ်အားဆေးလိုမျိုး အားဆေးတွေ သောက်ပေးဖို့ လိုနိုင်ပါတယ်။ သံဓာတ်ချို့တဲ့ရင် မကောင်းသလို အရမ်းပိုသွားရင်လည်း ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေပါတယ်။ ဒါကြောင့် သံဓာတ်အားဆေး သောက်နေပြီးတော့ ခေါင်းကိုက်တာကို ခံစားရတယ်ဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ သွေးတွင်းသံဓာတ်ပမာဏကို ပြန်စစ်ဆေးကြည့်ဖို့ လိုပါတယ်။
သံဓာတ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးနီဆဲလ်တွေထဲမှာ ရှိပြီးတော့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေဆီကို အောက်ဆီဂျင်တွေကို သယ်ယူပို့ဆောင်ပေးပါတယ်။ ဒါ့အပြင် သံဓာတ်က ကြွက်သားတွေဆီကို အောက်ဆီဂျင်ရစေဖို့၊ ရောဂါပိုးတွေကို တိုက်ဖျက်ဖို့နဲ့ အစားအစာတွေကနေပြီးတော့ စွမ်းအင်တွေ ထုတ်ယူနိုင်ဖို့အတွက် အရေးကြီးပါသေးတယ်။
သတ္တုဓာတ်ချို့တဲ့လို့ပဲဖြစ်ဖြစ်၊ လွန်ကဲလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်တာ အဖြစ်များပါတယ်။ အစားအစာတွေကနေပြီးတော့ သံဓာတ်အရမ်းများသွားဖို့ကတော့ ရှားပါတယ်။ သံဓာတ်အားဆေး သောက်တာများရင်တော့ အဆိပ်သင့်ပြီးတော့ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ မူးဝေထိုင်းမှိုင်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
အစားအစာတွေကနေပြီးတော့ရတဲ့ သံဓာတ်ကို heme နဲ့ non-heme ဆိုပြီး ၂ မျိုးခွဲထားပါတယ်။ heme ကိုတော့ အသား၊ အသည်း၊ ခရု၊ ငါး၊ ကြက်သားတွေကနေရပြီးတော့ အစာခြေရလွယ်ပါတယ်။ non-heme သံဓာတ်ကိုတော့ အခွံမာသီးများ၊ အစေ့များ၊ ပဲအမျိုးမျိုးနဲ့ အစိမ်းရင့်ရောင ်ဟင်းသီးဟင်းရွက်တွေကနေပြီးတော့ ရရှိပါတယ်။ တစ်နေ့ကို လိုအပ်တဲ့သံဓာတ်ပမာဏကတော့ အသက်အရွယ်နဲ့ ယောက်ျား၊ မိန်းမ ဖြစ်တည်မှုပေါ်မှာ မူတည်ပြီးတော့ ကွဲပြားပါတယ်။ ကြီးထွားတဲ့အရွယ်တွေ၊ အမျိုးသမီးတွေမှာ သံဓာတ် ပိုလိုအပ်နိုင်ပါတယ်။ သံဓာတ်အားဆေး သောက်နေရတယ်ဆိုရင် ဆေးကို ဗီတာမင်စီပါတဲ့ အစားအစာတစ်ခုခု (သို့) လိမ္မော်ရည်နဲ့ အတူတွဲသောက်မယ်ဆိုရင် စုပ်ယူမှုကို ပိုအားကောင်းစေပါတယ်။

>>  ကုထုံးများ
သံဓာတ်အားဆေးတွေကြောင့် ခေါင်းကိုက်တာတာက hemochromatosis လို့ခေါ်တဲ့ မျိုးရိုးဗီဇရောဂါတစ်မျိုးမျိုးရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီရောဂါရှိနေရင် သံဓာတ်စုပ်ယူမှုကို ခန္ဓာကိုယ်ရဲ့ထိန်းချုပ်မှုက ပျက်စီးသွားပါတယ်။ ဒါကြောင့် အစားအစာတွေပြောင်းစားဖို့ အကြံပြုလိုပါတယ်။ ဆရာဝန်က သံဓာတ်နည်းတဲ့ အစားအစာတွေစားဖို့နဲ့ သောက်နေတဲ့သံဓာတ်အားဆေး အပါအဝင် အားဆေးတွေကို ရပ်လိုက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)