သွက်လက်ထက်မြက်စေဖို့ နည်းလမ်းများ
1. လမ်းလျှောက်ပါ။
ပုံမှန်ကိုယ်လက်လှုပ်ရှားလုပ်ခြင်းက ကျန်းမာရေးကောင်းခြင်းနဲ့ ဆက်နွယ်နေပါတယ်။ နှလုံးအတွက် ကောင်းတဲ့အရာတွေက ဦးနှောက်အတွက်လည်း ကောင်းစေပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေတွေကို လျော့ကျစေခြင်းက စိတ် ကစဥ့်ကလျား ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းလို့ ဆိုတဲ့နေရာမှာ အရမ်းကြီး ပြင်းပြင်းထန်ထန်လုပ်ဖို့ မလိုပါဘူး။ ပုံမှန် မိနစ် ၃၀ လောက် စက်ဘီးစီးခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ ယောဂကျင့်ခြင်း၊ လမ်းလျှောက်ခြင်းတွေကလည်း အားကစားခန်းမမှာ ကစားသလောက် အကျိုးကျေးဇူး ရရှိစေပါတယ်။
2. သူငယ်ချင်းနဲ့ ကော်ဖီဆိုင်မှာ ချိန်းပါ။
သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ရှိခြင်းက ဦးနှောက်ကျန်းမာစေဖို့အတွက် အဓိကအရေးကြီးတဲ့ အခန်းကဏ္႑က ပါဝင်ပါတယ်။ အကြောင်း (၂) မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပထမတစ်ချက်ကတော့ စကားစမြည်ပြောဆိုခြင်းက ဦးနှောက်ဆဲလ်တွေအကြား ဆက်သွယ်မှုကို အားကောင်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ လူမှုဆက်ဆံရေး ကောင်းခြင်းက စိတ်ပိုင်းဆိုင်ရာ ခံစားချက် ကောင်းစေတဲ့ ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းတွေကို လှုံ့ဆော်ပေးပြီး စိတ်ဖိစီးမှုကို ကျဆင်းစေပါတယ်။ ဒါတွေက စိတ် ကစဥ့်ကလျားဖြစ်ခြင်းအတွက် အရေးကြီးတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
3. အသစ်အသစ်တွေကို လေ့လာသင်ယူပါ။
စိတ်ကို တက်ကြွနေအောင်ထားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့လည်း ဦးနှောက်အတွက်ဆိုပြီး ဆူဒိုကုပဲ တစ်နေ့လုံး ကစားနေဖို့ မလိုပါဘူး။ အမှန်တကယ် ဦးနှောက်ကို ကျန်းမာစေတာကတော့ အာရုံစူးစိုက်မှု ကောင်းစေတဲ့ အသစ်အသစ်တွေကို လေ့လာသင်ယူနေခြင်းပဲ ဖြစ်ပါတယ်။
4. ကလေးတွေနဲ့ အတူချက်ပြုတ်ပါ။
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်းက ကျန်းမာနေစေပြီး ကလေးတွေနဲ့ အတူချက်ပြုတ်ခြင်းက အထီးကျန်ခြင်းကို ပပျောက်စေပါတယ်။ ကိုက်လန်၊ ဟင်းနုနွယ်၊ ဘလူးဘယ်ရီစတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကိုသုံးပြီး စားစရာအသစ်တွေကို ပြင်ဆင်ဖို့အတွက် ကလေးတွေကို ကူညီပေးခိုင်းနိုင်ပါတယ်။ ဒီအစားအစာတွေမှာ သဘာဝအင်တီအောက်ဆီးဒင့်တွေ မြင့်မားစွာ ပါဝင်တဲ့အတွက် ကလေးရော လူကြီးပါ အကျိုးကျေးဇူး ရရှိစေပါတယ်။ အဆီများတဲ့ငါးတွေဖြစ်တဲ့ တူနာ၊ မာရကယ် စတဲ့ ငါးတွေမှာ ဦးနှောက်အကျိုးပြုတဲ့ Omega-3 Fatty Acids တွေ ပါဝင်ပါတယ်။ အစားအစာတွေကြားထဲမှာ သရေစာအဖြစ်နဲ့ အခွံမာသီးတွေ စားသုံးခြင်းဖြင့် ဗီတာမင် E ကို ရရှိစေပါတယ်။
5. ကလေးတွွေကို အိမ်စာ ကူလုပ်ပေးပါ။
ကလေးငယ်တွေကို အိမ်စာကူလုပ်ပေးခြင်းဖြင့် မေ့နေတဲ့ ညီမျှခြင်းတွေ၊ စကားလုံး အသုံးအနှုန်းတွေကို ပြန်ရစေပြီး စာပေအကြောင်းတွေကို ပြန်တွေးဖို့ အားပေးစေပါတယ်။ ဒါတွေအားလုံးက မှတ်ဉာဏ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















