/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးကြောပိတ်ရောဂါ

သွေးကြောပိတ်ရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          Buerger’s disease ဆိုတာကို ကြားဖူးကြပါသလား၊ ဒါကတော့ လက်တွေ၊ ခြေထောက်တွေမှာရှိတဲ့ သွေးကြောတွေကို ပိတ်စေတဲ့ရောဂါတစ်မျိုးပါ။

 

>>    ရောဂါဖြစ်စေသော အကြောင်းအရင်းများ

          သွေးကြောတွေ ရောင်တဲ့အခါမှာ Buerger’s disease ဖြစ်စေပါတယ်။ အထူးသဖြင့်တော့ လက်ဖဝါး၊ ခြေဖဝါးတွေမှာမှာရှိတဲ့ သွေးကြောလေးတွေ ကျဉ်းသွား (သို့) လုံးဝပိတ်သွားစေပြီးတော့ အဲနေရာတွေကို သွေးစီးဆင်းမှု နည်းသွားပါတယ်။ ဒီအခါမှာ နာကျင်ကိုက်ခဲမှုတွေ ခံစားရပြီးတော့ နောက်ဆုံးမှာတော့ ထိခိုက်ပျက်စီးစေပါတယ်။ ဆေးလိပ်သောက်တာက ရောဂါလက္ခဏာတွေကို ပိုဆိုးစေပြီးတော့ ရောဂါကိုလည်း ပိုဆိုးစေပါတယ်။

 

>>    ရောဂါလက္ခဏာများ

          လက်ဖဝါး၊ ခြေဖဝါးတွေမှာ နာခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ထုံကြဉ်ခြင်း၊ လမ်းလျှောက်တဲ့အခါမှာ ခြေထောက်၊ ခြေကျင်းဝတ််၊ ခြေဖဝါးတွေ နာခြင်း၊ လက်ဖဝါး ခြေဖဝါးတွေမှာ အနာပေါက်ခြင်း၊ အရေပြားအရောင်တွေ ပြောင်းခြင်း၊ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ ပြာနေခြင်း၊ အေးစက်နေခြင်း စတာတွေ ဖြစ်ပါတယ်။ အအေးနဲ့တွေ့ရင် (သို့) စိတ်ဖိစီးမှုတွေကြောင့် လက္ခဏာတွေကို ပိုဆိုးစေပါတယ်။ အများအားဖြင့်တော့ လက်နဲ့ ခြေ ၄ ဖက်မှာ ၂ ခုနဲ့အထက်ကို ထိခိုက်တတ်ပါတယ်။

 

>>    Burger’s Disease လို့ ဘယ်လိုသတ်မှတ်နိုင်မလဲ?

          လက်ဖဝါး ခြေဖဝါးတွေ ကြီးလာ၊ နီလာ၊ နာလာမယ်၊ သွေးခုန်နှုန်း ကျသွားတာ၊ စမ်းလို့မရတာတွေ ဖြစ်မယ်။ Angiography/ arteriography လို့ခေါ်တဲ့ သွေးကြောတွေကို ဓာတ်မှန်ရိုက်ကြည့်ရင် လက်နဲ့ခြေ အစွန်ပိုင်းတွေက သွေးကြောတွေမှာ ပိတ်ဆို့နေတာကို တွေ့ရမယ်။ သွေးကြောအသားစယူပြီး စစ်ကြည့်လို့လည်း ရပါတယ်။

 

>>    ကုထုံးများ

          လုံးဝပျောက်အောင်တော့ ကုလို့မရပါဘူး။ လက္ခဏာတွေ သက်သာသွားအောင်ပဲ လုပ်လို့ရပါမယ်။ ဆေးလိပ် ဖြတ်ရပါမယ်။ အအေးခံတာနဲ့ ခြေလက်တွေကို သွေးစီးဆင်းမှုနည်းစေတဲ့ အခြေအနေတွေအားလုံးကို ရှောင်ရပါမယ်။ သွေးလှည့်ပတ်မှု ပြန်ကောင်းလာစေဖို့အတွက် ဖြစ်တဲ့နေရာကို ရေနွေးဝတ် ကပ်ပေးတာ၊ ညင်သာတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာမျိုးတွေ လုပ်ရပါမယ်။ အနာသက်သာစေဖို့ အတွက်ကတော့ အဲနေရာကို သွားတဲ့အာရုံကြောကို ဖြတ်ပစ်လို့ရပါတယ်။ ရောဂါပိုးဝင်လာရင် (သို့) တစ်သျှူးတွေ အရမ်းသေသွားပြီ ဆိုရင်တော့ ခြေ၊ လက်ဖြတ်ပစ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။

 

>>    ဘယ်လိုကာကွယ်လို့ရလဲ?

          ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို လုံးဝရှောင်ရပါမယ်။ သွေးရောပိတ်တဲ့လက္ခဏာတွေ တွေ့ပြီဆိုရင်၊ ကုသမှုခံယူနေပေမယ့် မသက်သာရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ပြန်ပြရပါမယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)