သွေးစစ်ခြင်းနဲ့ ကျန်းမာရေးကောင်းကျိုး
သွေးစစ်ဆေးတယ်ဆိုတာ တကယ်တော့ ရောဂါရှာဖွေရုံအတွက်တင်မကဘဲ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအခြေအနေကို သိစေဖို့အတွက်လည်း သုံးနိုင်ပါတယ်။
တချို့အချက်အလက်တွေဟာ ရိုးရိုးစစ်ဆေးရုံနဲ့မသိနိုင်ဘဲ သွေးဖောက်စစ်ကြည့်မှ သိနိုင်တဲ့အတွက် ကျန်းမာရေးအတွက် ဘယ်လိုလူနေမှုပုံစံ ပြုပြင်ပြောင်းလဲရမယ်ဆိုတာကို သိရှိစေနိုင်ပါတယ်။
ဆီးချို၊ နှလုံး၊ အာဟာရပြည့်ဝမှုတွေအပြင် အစောချေစနစ်နဲ့ အရိုးကျန်းမာရေးတွေကိုပါ ညွှန်ပြနိုင်ပါတယ်။ ဒီတော့ ဘယ်လိုစစ်ဆေးမှုတွေလုပ်နိုင်မယ်ဆိုတာ ကြည့်ရအောင်။
>> အမျိုးသားများနဲ့ အမျိုးသမီးများ ကျန်းမာရေး
ကျန်းမာရေးစစ်ဆေးမှုမှာ ယေဘုယျကျန်းမာရေးအခြေအနေကို သွေးဖောက်စစ်ဆေးမှုတွေ ပါပါတယ်။ သွေးအားနည်းနှုန်း၊ သွေးခဲနှုန်းတွေ၊ ကျောက်ကပ်ဓာတ်တွေ၊ ကိုလက်စထရောနဲ့အဆီပမာဏတွေကို စစ်ဆေးကြည့်တတ်ကြပါတယ်။ ဒီလိုစစ်ဆေးခြင်းဖြင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကိုတင်မက သွေးရောဂါတွေ ရှိ၊ မရှိကိုပါ သိစေနိုင်ပါတယ်။
>> ဗီတာမင်ပမာဏ
ကျန်းမာရေးအတွက် လိုအပ်တဲ့ဗီတာမင်တွေရဲ့ ပမာဏကိုလည်း တိုင်းတာနိုင်ပါတယ်။ ဒီလိုတိုင်းတာခြင်းအားဖြင့် စားတဲ့အစားအသောက်တွေထဲ ဘယ်ဗီတာမင် ချို့တဲ့နေလဲဆိုတာကို သိရှိနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ဗီတယမင်ဒီဟာ အရိုးနဲ့သွားတွေအတွက် အရေးပါပြီး ချို့တဲ့နေမယ်ဆိုရင်တေ့ာ အရိုးပွရောဂါ ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဘီ12 နဲ့ ဖောလစ်အက်ဆစ်ကတော့ အာရုံကြော၊ မျက်လုံး၊ အရေပြား၊ ကြွက်သားနဲ့ နှလုံးသွေးကြောဆိုင်ရာတွေအတွက် အရေးပါပါတယ်။
>> ဗိုက်ပွခြင်း
ဗိုက်ပွတာ၊ ဗိုက်နာတာတွေအတွက် စစ်ဆေးနိုင်တဲ့စစ်ဆေးမှုတွေ ရှိပါတယ်။ ဂလူတန်မတည့်တဲ့ coeliac disease ကို စစ်ဆေးကြည့်မယ်ဆိုရင် အူသိမ်ကနေ အစာတွေကို စုပ်ယူမှု ရှိ၊ မရှိကို သိနိုင်မှာပါ။
>> ဟော်မုန်းညီမျှမှု
သွေးဆုံးတဲ့အမျိုးသမီးတစ်ယောက်မှာ အီစထရိုဂျင်ဟော်မုန်းပမာဏ လျော့နည်းသွားတာကြောင့် အရိုးပွခြင်း၊ ပူရှိန်းရှိန်းဖြစ်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ နုံးခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဟော်မုန်းပမာဏတွေကို တွက်ချက်ဖို့အတွက် ဟော်မုန်းပမာဏကို စစ်ဆေးပြီး လိုအပ်တဲ့ကုသမှုတွေ ပေးနိုင်ပါတယ်။
>> အဆစ်အမြစ်ကိုက်ခဲခြင်း
တစ်သျှူးတွေ၊ အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့အခါ သွေးကြောပြဿနာတွေပါ ဖြစ်လာပြီးတော့ နေ့စဉ်ဘဝမှာ လုပ်ကိုင်ရတာ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုကိုယ်ခံအား မူမမှန်ရောဂါတွေဟာ အရိုးအဆစ်တွေ၊ သွေးကြောတွေ၊ တစ်သျှူးတွေ၊ ကြွက်သားတွေကိုပါ ထိခိုက်တတ်ပါတယ်။ သွေးလေးဖက်နာတို့၊ အရေပြားလေးဘက်နာတို့လို ရောဂါမျိုးတွေပေါ့။ ကိုယ်ခံအားဓာတ်တွေကို စစ်ဆေးကြည့်ခြင်းဖြင့် ယေဘုယျ ရောဂါရောင်ရမ်းမှုတွေကို သိနိုင်ပေမယ့် တကယ်တမ်းရောဂါရဲ့ အရင်းအမြစ်ကို သိရှိပြီး ကုသနိုင်ဖို့အတွက်ကတော့ ဆဲလ်နဲ့တစ်သျှူးအဆင့်ထိကို လိုက်ပြီး ရှာဖွေဖို့ လိုနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















