သွေးတိုးကျစေသော အစားအသောက်များ
ခေတ်သစ်ကမ်ဘာမှာ သွေးတိုးရောဂါဟာ အင်မတန် အဖြစ်များပြီး ထိန်းချုပ်ရ ခက်ခဲလာပါတယ်။ သွေးတိုးဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ အများအပြား ရှိတဲ့အနက် အသက်၊ မိသားစု ရောဂါရာဇဝင်၊ ယောက်ျားမိန်းမ လိင်နဲ့ လူမျိုးစတဲ့ ထိန်းချုပ်လို့ မရနိုင်တဲ့ အကြောင်းရင်းတွေ ရှိသလို ကိုယ်ကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့ လေ့ကျင့်ခန်းနဲ့ အစားအသောက်စတဲ့ အကြောင်းရင်းတွေလည်း ရှိပါတယ်။ ဒါကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပြီး ဆိုဒီယမ် ဆားဓာတ်နည်းတဲ့ အစားအသောက်တွေဟာ သွေးပေါင်ကျစေနိုင်တဲ့အစွမ်း ရှိပါတယ်။
>> ဒီလိုသွေးပေါင်ကျစေနိုင်တဲ့ အစားအစာတွေကတော့ -
၁။ ဟင်းသီးဟင်းရွက်များ
ပိုတက်ဆီယမ်ဓာတ်ဟာ ဆီးကနေတစ်ဆင့် ဆိုဒီယမ် စွန့်ပစ်မှုကို ပိုအားကောင်းစေတဲ့အတွက် သွေးပေါင်ကျစေနိုင်စွမ်း ရှိပါတယ်။
မုန်ညှင်း၊ မုန်လာ၊ ကိုက်လန်၊ ဂေါ်ဖီ၊ မုန်လာဥနဲ့ swiss ချိစ်တွေမှာ ပိုတက်ဆီယမ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။
၂။ ဘယ်ရီသီး
ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေဟာ သွေးမတိုးအောင် ကာကွယ်ပေးပြီး သွေးပေါင်ကျစေနိုင်စွမ်း ရှိပါတယ်။
ဒါကြောင့် ဘလူးဘယ်ရီ၊ ရပ်စ်ဘယ်ရီနဲ့ စတော်ဘယ်ရီသီးတွေကို နေ့စဉ် ပုံမှန်စားသောက်နေကျစာရင်းထဲ ထည့်ထားသင့်ပါတယ်။
၃။ Red beets
မုန်လာဥနီတစ်မျိုးဖြစ်တဲ့ red beets ဟာ nitric oxide အများအပြား ပါတဲ့အတွက် သွေးကြောတွေကို ကျယ်စေပြီး သွေးတိုးကို ကျဆင်းစေနိုင်ပါတယ်။ ဒါတင်မကပဲ ဒီမုန်လာဥနီ အမျိုးအစားမှာပါတဲ့ nitrate ဓာတ်ဟာ သွေးပေါင်ကို ၂၄ နာရီအတွင်း ကျဆင်းစေနိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။
၄။ အဆီနည်းနို့နဲ့ ဒိန်ချဉ်
အဆီနည်းနို့မှာ ကယ်လ်ဆီယမ်ဓာတ်တွေ ကြွယ်ဝပြီး အဆီဓာတ် နည်းပါတယ်။ ဒါကြောင့် သွေးတိုးသမားတွေအတွက် အထူးသင့်တော်တဲ့ အစားအသောက်တစ်မျိုး ဖြစ်လာပါတယ်။ နို့ မကြိုက်သူတွေအတွက် ဒိန်ချဉ် စားပေးနိုင်ပါတယ်။
ဒါ့အပြင် နှလုံးကို ကျန်းမာစေနိုင်တဲ့ Granola ဂျုံ ၊ almond စေ့တွေနဲ့ အသီးတွေကို ဒိန်ချဉ်ထဲ ထည့်စားပေးတာက ပိုစားကောင်းသလို ကျန်းမာရေးကိုလည်း ပိုအထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒိန်ချဉ်ဝယ်တဲ့အခါ သတိထားဖို့က သကြားနည်းလေ ကောင်းလေပဲ ဖြစ်ပါတယ်။
၅။ အုတ်ဂျုံ
အုတ်ဂျုံမှာ အမျှင်ဓာတ်တွေ ကြွယ်ဝပြီး အဆီဓာတ်နဲ့ ဆိုဒီယမ်ဆားဓာတ် နည်းပါးတာကြောင့် သွေးပေါင်ကျစေနိုင်ပါတယ်။ ဒါကြောင့် မနက်စာအတွက် အုတ်ဂျုံကို စားပေးခြင်းက တစ်နေ့တာလုံး အားအင်ပြည့်ဝ လန်းဆန်းစေနိုင်ပါတယ်။
၆။ ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ကြွယ်ဝဝ ပါဝင်တာကြောင့် ပိုတက်ဆီယမ် ဖြည့်စွက်ဆေးတွေအစား သောက်ပေးနိုင်ပါတယ်။
၇။ ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါးနဲ့ အိုမီဂါအဆီဓာတ် ပါဝင်တဲ့ ငါးများ
ငါးဟာ အသားဓာတ် ပြည့်ဝတဲ့ အစားအစာတစ်ခု ဖြစ်တဲ့အပြင် သွေးတိုးကျ၊ အရောင်ကျ၊ အဆီကျစေနိုင်တဲ့ အိုမီဂါ 3 အဆီဓာတ်တွေ ပြည့်ဝတာကြောင့် ကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအစာတစ်ခုလို့တောင် ဆိုနိုင်ပါသေးတယ်။ ဒါ့အပြင် အစားအစာတွေမှာ တွေ့ရခဲတဲ့ ဗီတာမင်ဒီဓာတ်ကို ထရောက်ငါးအမျိုးအစားမှာ တွေ့ရပြီး ဒီဗီတာမင်ဓာတ်ဟာ သွေးပေါင်ကျစေနိုင်စွမ်း ရှိပါတယ်။
၈။ အစေ့အဆံ
ဆား မထည့်ထားတဲ့ အစေ့အဆံတွေမှာ သွေးပေါင်ကျစေတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အခြားသတ္တုဓာတ်တွေ ပါဝင်တာကြောင့် အဆာပြေ သရေစာအနေနဲ့ နေကြာစေ့တွေ၊ ဖရုံစေ့တွေကို အနည်းငယ်စီ စားပေးနိုင်ပါတယ်။
၉။ ကြက်သွန်ဖြူနဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်များ
ကြက်သွန်ဖြူ နဲ့ အခြားဟင်းခတ် အမွှေးတွေဖြစ်တဲ့ ပူစီနံ၊ သစ်ကြံပိုး၊ စမုန်ဖြူ ၊ rosemary စတာတွေဟာ သွေးတိုးသမားတွေအတွက် အကျိုးရှိတဲ့ အစားအစာတွေ ဖြစ်ပါတယ်။
၁၀။ ချော့ကလက်အခါး
ချော့ကလက်အခါးဟာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေဖြစ်နှုန်းကို အထူးလျော့ကျစေနိုင်တာကြောင့် တစ်နေ့ကို ၁၀၀ ဂရမ်ခန့် စားပေးနိုင်ပါတယ်။
၁၁။ သံလွင်ဆီ
သံလွင်ဆီဟာ သွေးပေါင်ကျစေနိုင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီတစ်မျိုး ဖြစ်ပါတယ်။
၁၂။ သလဲသီး
အရသာရှိတဲ့ သလဲသီးကို အစိမ်းစားနိုင်သလို ဖျော်ရည် ဖျော်သောက်နိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ သလဲသီးဖျော်ရည်ကို တစ်နေ့ တစ်ခွက် ပုံမှန် ၄ ပတ်ခန့် ဆက်တိုက် သောက်သုံးတဲ့အခါ သွေးပေါင်ကျစေနိုင်တဲ့ အစွမ်းရှိကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။
>> အစားအသောက်နဲ့ ကျန်းမာရေး
သွေးတိုးကျစေတဲ့ အစားအစာတွေဟာ အဓိက ဆိုဒီယမ်ဆားဓာတ်နဲ့ အဆီဓာတ်ကို လျှော့ချပေးပါတယ်။ ဒါ့အပြင် အရက်ကို လျှော့သောက်ဖို့ကလည်း အရေးကြီးပါသေးတယ်။ ဒီလို အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ခြင်းဖြင့် ၂ ပတ်အတွင်း သွေးပေါင်ကျစေနိုင်တာကြောင့် လူတိုင်းလူတိုင်း သွေးတိုးရောဂါ မဖြစ်အောင် အစာကို ဆေးအမှတ်နဲ့ ဉာဏ်နဲ့ယှဉ်ကာ စားသောက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















