/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးတွင်းအချိုဓာတ်ကျတဲ့အခါ-သွေးပေါင်တက်တတ်သလား

သွေးတွင်းအချိုဓာတ်ကျတဲ့အခါ သွေးပေါင်တက်တတ်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွေးတွင်းအချိုဓာတ် ၇၀ mg/dl ထက် ကျော်တဲ့အခါ သွေးတွင်းအချိုဓာတ်ကျတယ်လို့ သတ်မှတ်ပါတယ်။ သွေးတွင်းအချိုဓာတ်ကျတဲ့အခါ နုံးခြင်း၊ ချွေးစေးပြန်ခြင်း၊ နှုတ်ခမ်းတွေထုံကျဉ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ သွေးပေါင်တက်ခြင်းဟာလည်း သွေးတွင်းအချိုဓာတ်ကျခြင်းရဲ့လက္ခဏာတစ်ရပ်ပါပဲ။

သွေးတွင်းအချိုဓာတ်ကျခြင်းဟာ အင်ဆူလင်ဟော်မုန်း လုံးဝထုတ်လုပ်ခြင်းမရှိတဲ့ (သို့မဟုတ်) အလွန်နည်းပါးစွာ ထုတ်လုပ်တဲ့ ဆီးချိုသွေးချိုအမျိုးအစား-၁ မှာ အဖြစ်များပါတယ်။ အင်ဆူလင်ထိုးနေသူ (သို့မဟုတ်) တခြားဆီးချိုသွေးချိုကျဆေး အမျိုးအစားတချို့ သောက်နေသူ ဆီးချိုသွေးချိုအမျိုးအစား-၂ တွေမှာလည်း ဖြစ်နိုင်ပါတယ်။

Diabetone 1

>>  သွေးတွင်းအချိုဓာတ်ကျတဲ့အခါ သွေးပေါင်တက်တတ်ပါတယ်

ကိုယ်ခန္ဓာမှာ အသုံးပြုမယ့်စွမ်းအင်တွေကို ဂလူကိုစ့်ကနေရရှိပြီး ဂလူကိုစ့်ဓာတ်ကိုတော့ အစားအသောက်တွေမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ကစီဓာတ်ကနေ ရရှိပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ ဒီဂလူကိုစ့်ဓာတ်တွေကို သွေးထဲကနေ ဆဲလ်တွေထဲ သွင်းပေးပြီး စွမ်းအင်ရအောင် ပြုလုပ်ပေးပါတယ်။

သွေးတွင်းအချိုဓာတ် လျော့နည်းတဲ့အခါ ကိုယ်ခန္ဓာက အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ နှလုံးခုန်မြန်လာတာ၊ အပေါ်သွေးတက်တာလိုမျိုး ပြောင်းလဲမှုတွေ ပြုလုပ်ရပါတယ်။

>>  နာတာရှည်ဆီးချိုသွေးချိုကျခြင်းကြောင့် နောက်ဆက်တွဲများ

ဒီလိုမကြာမကြာဆီးချိုသွေးချိုကျတဲ့အခါ သွေးပေါင်မှာ ပြောင်းလဲမှုတွေဖြစ်ပြီး ဆီးချိုသွေးချိုရှိသူတွေမှာ သွေးတိုးရောဂါပါ ဖြစ်လာစေနိုင်ပါတယ်။ သွေးတွင်းအချိုဓာတ်ကျခြင်းဟာ ရေရှည်အသိစိတ်ဆိုင်ရာပြဿနာတွေ၊ နှလုံးခုန်စည်းချက် မမှန်တဲ့ရောဂါတွေနဲ့ နှလုံးသွေးကြောကျဉ်းသွေးကြောပိတ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

သွေးပေါင်တက်ခြင်းဟာ လေဖြတ်စေနိုင်တဲ့ အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်၊ နှလုံးနဲ့ ကျောက်ကပ်ပြဿနာတွေ ဖြစ်လာစေနိုင်တဲ့ အကြောင်းရင်းတစ်ချက်လည်း ဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါ ပျက်စီးခြင်းနဲ့ ဦးနှောက်အသိစိတ်ပြဿနာတွေလည်း ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် သွေးတိုးရောဂါကို သေချာမထိန်းချုပ်နိုင်ရင် လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သတိမေ့လျော့ခြင်း စတဲ့ နောက်ဆက်တွဲတွေဖြစ်လာနိုင်ပါတယ်။

သွေးတိုးရောဂါဖြစ်တဲ့အခါ သွေးလွှတ်ကြောနံရံတွေမှာ ဖိအားတွေ အလွန်သက်ရောက်ခံရပြီး နှလုံးက သွေးထုတ်လွှတ်ဖို့ကို ပိုပြီးအားစိုက်လာရပါတယ်။ ဒါကြောင့် နှလုံးကြွက်သားတွေမှာ ပျက်စီးလာနိုင်ပါတယ်။

Diabetone 2

ဆီးချိုသွေးချိုအမျိုးအစား-၁ ရှိသူ လူ ၂၂ ယောက်ပါဝင်တဲ့ အသေးစားလေ့လာမှုတစ်ခုမှာ သွေးတွင်းအချိုဓာတ်ကျခြင်းက သွေးပေါင်တက်လာစေပြီး ကြာလာတဲ့အခါ သွေးတိုးရောဂါ ဖြစ်လာနိုင်ကြောင်းကို တွေ့ရှိရပါတယ်။

>>  သွေးတိုးခြင်းရဲ့လက္ခဏာတွေကတော့ -

သွေးအချိုဓာတ်ကျခြင်းကြောင့် သွေးခဏတဖြုတ်တိုးတဲ့အခါ နှလုံးခုန်မြန်တာကို တွေ့ရပါတယ်။ ဒါကလွဲလို့ သွေးတိုးနေကြောင်း တခြားအချက်ပေးလက္ခဏာရပ်တွေကို မတွေ့နိုင်ပါ။ သွေးတိုးနေကြောင်းသိနိုင်ဖို့ စစ်ဆေးကြည့်မှရပါတယ်။

>>  သွေးတွင်းအချိုဓာတ်ကျခြင်းကို ဘယ်လိုရှောင်ကြဉ်ကြမလဲ?

သွေးတွင်းအချိုဓာတ်ကျခြင်းကို ရှောင်ကြဉ်ဖို့ -
●  အစားအစာကို ပုံမှန်နဲ့ မျှမျှတတစားပေးဖို့ လိုအပ်ပါတယ်။
●  ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေများကို စားပေးပါ။
●  အိမ်မှာ ကိုယ်တိုင် ဆီးချိုသွေးချို ဘယ်လိုစစ်မလဲဆိုတာ ဆရာဝန်ဆီက သင်ပါ။
●  ကိုယ်စားတာကို ဒိုင်ယာရီ ရေးမှတ်ထားပါ။ ဒါမှ ဘာကြောင့် သွေးတွင်းအချိုဓာတ်ကျရတယ်ဆိုတာကို သိပြိး ကိုယ်စားတာကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

တစ်ခါတလေ ဒီလိုကာကွယ်နေလျက်နဲ့တောင် သွေးတွင်းအချိုဓာတ် ကျတတ်ပါသေးတယ်။ ဒါကြောင့် ဂလူကိုစ့် ဆေးပြားလေးတွေ၊ ဒါမှမဟုတ် ငှက်ပျောသီးတစ်ခြမ်း၊ စပျစ်သီးခြောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း စသဖြင့် သွေးတွင်းအချိုဓာတ် အမြန်တက်စေမယ့် ကစီဓာတ်တွေ ဆောင်ထားသင့်ပါတယ်။

၁၅-၁၅ နည်းလမ်းက သွေးတွင်းအချိုဓာတ်ကို ဖြည်းဖြည်းချင်း ပြန်တက်စေနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ အပေါ်ကပြောတဲ့ ကစီဓာတ်မျိုးကို ၁၅ ဂရမ်လောက် စားလိုက်ပြီး ၁၅ မိနစ်အကြာမှာ သွေးတွင်းအချိုဓာတ် ပြန်စစ်ဆေးကြည့်ပါ။ မတက်သေးဘူးဆိုရင် သွေးတွင်းအချိုဓာတ် တက်လာတဲ့အထိ ဒီအဆင့်တွေကို ထပ်လုပ်ကြည့်ပါ။ ဒါနဲ့မှ မတက်လာရင်တော့ အရေးပေါ်ဆရာဝန် ခေါ်သင့်ပါတယ်။

သွေးတွင်းအချိုဓာတ်မကျအောင်ထိန်းခြင်းဟာ သွေးတိုးရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ချက်သာ ဖြစ်ပါသေးတယ်။ ဒါကြောင့် ဆီးချိုသွေးချိုနဲ့ သွေးပေါင်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)