သွေးထဲက အဆီအကြောင်း
သွေးတွင်း အဆီပမာဏဟာ အနာဂတ်နှလုံးကျန်းမာရေးကို ကောင်းစွာပြောပြနိုင်ပါတယ်။ အဆီမြင့်မားခြင်းသည် နှလုံးရောဂါဖြစ်နိုင်ချေကို နှစ်ဆခန့်မြင့်တက်စေနိုင်ခြင်းကြောင့် ကြိုတင်ကုသမှုခံယူရန်နှင့် ကာကွယ်မှုများပြုလုပ်ရန်အရေးကြီးလှပါတယ်။
အဆီအကြောင်းပိုမိုသိရှိစေရန် အောက်ပါအချက်များကို ဖတ်ရှုကြည့်ပါ။
1. လူတိုင်းသည် အဆီမရှိဘဲနှင့် အသက်မရှင်နိုင်ပေ။ မွေးကတည်းက ခန္ဓာကိုယ်ထဲတွင် အဆီရှိပြီး ဖြစ်သည့်အပြင် မွေးကင်စကလေးများသည် မိခင်နို့မှလည်းကောင်း၊ နို့မှုန့်များမှလည်းကောင်း အဆီကို ရရှိနိုင်ပါတယ်။ အမှန်တကယ်တွင် အဆီသည် ခန္ဓာကိုယ်ရှိ ဟော်မုန်းများနှင့်ဆဲလ်များကောင်းစွာ အလုပ်လုပ်နိုင်ရန် လိုအပ်ရုံမျှမက အဆီချေဖျက်ရန်အတွက် အသည်းမှ အက်ဆစ်များထုတ်နိုင်ရန်လည်း အကူအညီပေးပါတယ်။
2. အရွယ်ရောက်ပြီးသူ 3 ယောက်မှာ 1 ယောက်ဟာ ရှိသင့်တဲ့အဆီပမာဏထက် ပိုမြင့်တက်နေလေ့ရှိပါတယ်။ ထု့ိကြောင့် အသက် 20 ကျော်ပြီးသူတိုင်း 5 နှစ်တစ်ကြိမ် သွေးတွင်းအဆီပမာဏကို စစ်ဆေးသင့်ကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိ်န်းချုပ်ရေးစင်တာ (CDC)မှ အကြံပြုထားပါတယ်။
3. တစ်ခါတစ်ရံ အဆီပမာဏများပြားနေခြင်းဟာ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစားအသောက်အနေအထိုင်ဆင်ခြင်ရုံသာမက လေ့ကျင့်ခန်းပုံမှန်လုပ်သော်လည်း အဆီပမာဏ မကျရခြင်းဖြစ်ပါတယ်။
4. အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများကဲ့သို့ အဆီပါဝင်တဲ့ အစားအစာများကို စားသုံးပြီးပါက ခန္ဓာကိုယ်မှ ပိုလျှံနေသော ၎င်းအဆီများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပမာဏဖယ်ရှားပေးနိုင်တယ် ဆိုတာကတော့ မျိုးရိုးဗီဇပေါ်ပဲမူတည်ပါတယ်။ မိသားစုမျိုးရိုးထဲမှာ အဆီများနေတာဖြစ်ဖြစ်၊ အသက် 50 မတိုင်မီ နှလုံးတိုက်ခိုက်ခံရဖူးရင်ပဲဖြစ်ဖြစ် ဆရာဝန်နှင့်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်။ လူအများစုသည် အဆီဟာ အရွယ်ရောက်ပြီးသူများတွင်သာဖြစ်တတ်တဲ့ပြဿနာလို့ ထင်တတ်ကြပေမယ့် ကလေးများမှာလည်း အဆီများနေနိုင်ပါတယ်။ အမေရိကန် ကလေးအထူကုဆရာဝန်များအကယ်ဒမီက အကြံပြုထားတာကတော့ 9 နှစ်မှ 11 နှစ်အတွင်း ကလေးငယ်များအားလုံးကို အဆီပမာဏစစ်ဆေးသင့်ကြောင်း၊ အကယ်၍ အဝလွန်သော၊ မိသားစုမျိုးရိုးတွင် နှလုံးရောဂါရှိသော၊ မိသားစုမျိုးရိုးတွင် အဆီပမာဏ မြင့်မားသူရှိသော ကလေးများကိုမူ အသက် 2 နှစ်မှစ၍ အဆီပမာဏကို စစ်ဆေးသင့်ကြောင်း သိရပါတယ်။
5. ချေွးထွက်ခြင်းဟာ ခန္ဓာကိုယ်၏ကောင်းသောအဆီလို့ခေါ်တဲ့ HDL ပမာဏကိုမြင့်တက်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများကိုစားသုံးခြင်းသာမက လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဟာလည်း နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ HDL ပမာဏကို မြင့်တက်စေနိုင်ပါတယ်။
6. အမျိုးသမီးများသည် အမျိုးသားများထက် အဆီပမာဏနည်းသော်လည်း အတက်အကျအလွန်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင် ကလေးဦးနှောက်ဖွ့ံဖြိုးရန်အတွက် အဆီပမာဏမြင့်မားလေ့ရှိပြီး မိခင်နို့တွင် အဆီများစွာပါဝင်ခြင်းကလည်း ကလေးကြီးလာလျှင် နှလုံးကာကွယ်ရေးအတွက် အလွန်အကျိုးပြုနိုင်ပါတယ်။ ကလေးမွေးဖွားပြီးနောက်မူ အဆီပမာဏမှာ ပုံမှန်သို့ပြန်ရောက်သွားလေ့ရှိပါတယ်။ သို့ရာတွင် သွေးဆုံးပြီးနောက်မူ မကောင်းတဲ့ LDL အဆီတွေမြင့်တက်လာပြီး ကောင်းတဲ့ HDL အဆီတွေက တဖြည်းဖြည်းကျဆင်းလာပါတယ်။
Dr. Thinzar Wynn
















