သွေးပေါင်တွေ ကျနေပါလား ... သတိထား
သွေးပေါင်ကျတယ်ဆိုတာ တော်ရုံဆိုရင်တော့ ဘာမှမဖြစ်တတ်ပေမယ့် တချို့မှာတော့ မူးဝေတာ၊ မူးလဲတာမျိုးတွေ ဖြစ်တတ်တယ်။ အရမ်းဆိုးလာရင်တော့ အသက်အန္တရာယ်တောင် စိုးရိမ်ရနိုင်တယ်နော်။
အပေါ်သွေး ၉၀ အောက်၊ ဒါမှမဟုတ် အောက်သွေး ၆၀ အောက်ကို သွေးပေါင်ကျနေတယ်လို့ ပြောလို့ရတယ်။
သွေးပေါင်ကျစေတဲ့ အကြောင်းရင်းတွေထဲမှာ အရည်ဓာတ် နည်းတာကစပြီးတော့ ပြင်းထန်တဲ့ရောဂါတွေအထိ ဖြစ်တတ်လို့ ဘာကြောင့်ဖြစ်တယ်ဆိုတာ အရင်ရှာပြီး ကုဖို့ိတော့ လိုတယ်နော်။
သွေးပေါင်ကျရင် ဘာတွေဖြစ်တတ်လဲ ပြောပြမယ်နော်။
တချု့ိမှာ သွေးပေါင် ရုတ်တရက်ကြီး ကျသွားတဲ့အခါ -
● မူးခနဲ မိုက်ခနဲ ဖြစ်တာ
● မူးလဲကျတာ
● မျက်လုံးတွေ ဝါးလာတာ
● ပျို့ချင် အန်ချင်တာ
● နုံးနေတာ
● အာရုံစူးစိုက် မရတာတွေနဲ့ တွဲပြီးတော့ ဖြစ်လာရင် သွေးပေါင်ကျစေတဲ့ နောက်ခံရောဂါတစ်ခုခု ရှိနေပြီလို့ ပြောလို့ရတယ်။
>> သွေးလန့်ခြင်း
သွေးပေါင် အရမ်းကြီး ကျသွားတာကို သွေးလန့်တယ်လို့ခေါ်ပြီးတော့ ဒီအခြေအနေဟာ အသက်အန္တရာယ်တောင် စိုးရိမ်ရပါတယ်။
● ကြောင်စီစီဖြစ်တာ
● ခြေလက်တွေ အေးစက်လာတာ
● အသက်ရှူတာ မြန်လာတာ
● သွေးခုန်နှုန်းမြန်ပြီး အားနည်းတာတွေနဲ့ လာတတ်တယ်။
ဒါဆိုရင် ဘယ်အချိန်မျိုးဟာ စိုးရိမ်ရပြီး ဆရာဝန်နဲ့ ပြသင့်တယ်ဆိုတာ သိဖို့လိုလာပြီပေါ့။
သွေးလန့်တဲ့ လက္ခဏာရှိရင်တော့ ချက်ချင်းပဲ အရေးပေါ်ပြရမယ်။
တောက်လျှောက် သွေးပေါင်ကျပေမယ့် နေကောင်းနေတယ် ဆိုရင်တော့ ဆရာဝန်က ပုံမှန်စမ်းသပ် စောင့်ကြည့်တာလောက် လုပ်ပါလိမ့်မယ်။
မူးခနဲ မိုက်ခနဲ ဖြစ်တာမျိုးကတော့ နေပူထဲ အကြာကြီး သွားမိတာမျိုး၊ ရေပူထဲ အကြာကြီး စိမ်လိုက်တာမျိုးတွေကြောင့် ဖြစ်နိုင်လို့ အရမ်းကြီးတော့ စိုးရိမ်စရာမလိုဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သွေးပေါင်ကျတဲ့လက္ခဏာတွေ တွေ့ရင် ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှာဖု့ိ ဆရာဝန်နဲ့ ပြကြည့်တာ ကောင်းတယ်။ ပြီးတော့ ဘယ်အချိန်မှာ ဖြစ်တယ်၊ ဖြစ်တဲ့အချိန်မှာ ဘာလုပ်နေတယ်ဆိုတာကို မှတ်ထားတာက တော်တော် အထောက်အကူဖြစ်တယ်။
ဒါဆိုရင် ဖြစ်ရတဲ့အကြောင်းရင်းတွေ ကြည့်ကြည့်ရအောင်။
အပေါ်သွေး : နှလုံးကနေ သွေးလွှတ်ကြောတွေထဲကို ညှစ်ထုတ်လိုက်တဲ့အားကို အပေါ်သွေးလို့ ခေါ်ပြီးတော့
အောက်သွေး : နှလုံး ခဏနားနေတဲ့ကြားချိန်မှာရှိတဲ့ ဖိအားကို အောက်သွေးလို့ ခေါ်တယ်။
ပုံမှန်သွေးပေါင်ကို ၁၂၀/၈၀ လို့ သတ်မှတ်ထားတယ်။
>> သွေးပေါင် ဘယ်လောက်အထိ ကျနိုင်လဲ?
တစ်ယောက်အတွက် သွေးပေါင်ကျတယ်လို့ ပြောတဲ့အခြေအနေဟာ နောက်တစ်ယောက်အတွက်တော့ ပုံမှန်ဖြစ်နေတတ်တယ်။ အဲဒါကြောင့် လက္ခဏာတစ်ခုခုပြမှသာ သွေးပေါင်ကျတယ်လို့ ယူဆကြတယ်။
သွေးပေါင်ချိန် အပေါ် ၉၀ အောက်၊ ဒါမှမဟုတ် အောက် ၆၀ အောက် ကျနေရင် သွေးပေါင်ကျတယ်လို့ ပြောလို့ရတယ်။
ရုတ်တရက်ကြီး သွေးပေါင် ၂၀ လောက် ကျသွားရင်လည်း ဦးနှောက်ကို သွေးသွား ရပ်သွားနိုင်လု့ိ အသက်အန္တရာယ် စိုးရိမ်ရတယ်။ အထူးသဖြင့် ထိန်းမနိုင် သိမ်းမရ သွေးထွက်နေတာ၊ ပိုးဝင်တာ အရမ်းဆိုးနေတာ၊ ဓာတ်မတည့်တာတွေမျိုးမှာ ဖြစ်တတ်တယ်။
သွေးပေါင်ကျစေတတ်တဲ့ အကြောင်းရင်းတွေထဲမှာ -
● ကိုယ်ဝန်ဆောင်ချိန်
● နှလုံးပြဿနာတွေ : သွေးခုန်နှုန်း နှေးတဲ့ရောဂါတွေ၊ နှလုံးအစို့ရှင်ရောဂါတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးညှစ်နှုန်း အားနည်းရောဂါတွေ
● ဟော်မုန်းစနစ်ပြဿနာ : ပါရာသိုင်းရွိုက်ရောဂါ၊ Adrenal ဟော်မုန်းလျော့နည်းတာ၊ သွေးအချိုဓာတ် ကျတာနဲ ့ရှားရှားပါးပါး ဆီးချိုရောဂါတွေ
● အရည်ဓာတ် နည်းပါးခြင်း
● သွေး ဆုံးရှုံးခြင်း၊ သွေးထွက်လွန်ခြင်း
● သွေးတွင်းအဆိပ်ဓာတ် ပြန့်ခြင်း
● ပြင်းထန် ဓာတ်မတည့်ခြင်း
● အာဟာရဓာတ် လျော့နည်းခြင်း
● သွေးပေါင်ချိန် ကျစေသောဆေးများ : ဆီးရွှင်ဆေးများ၊ အယ်လ်ဖာ လက်ခံနေရာ ပိတ်ဆေး (alpha blockers)၊ ဘီတာ လက်ခံနေရာ ပိတ်ဆေး (beta blockers)၊ ပါကင်ဆန်ရောဂါဆေးများ၊ စိတ်ကျရောဂါ ပျောက်ဆေးများ၊ ပန်းသေပန်းညှိုးရောဂါ ပျောက်ဆေးများ
ဒီလိုအကြောင်းရင်းတွေ ပါတယ်။
>> ဘယ်လိုလူတွေ သွေးပေါင်ကျတတ်သလဲ?
ဘယ်သူမဆို ဖြစ်နိုင်ပေမယ့် အသက် ၆၅ နှစ်ကျော် လူကြီးတွေမှာ မတ်တပ်ရပ်ချိန်၊ အစာစားပြီးချိန်တွေ ပိုဖြစ်နိုင်ပြီး ကလေးသူငယ်တွေမှာ နှလုံးနဲ့ ဦးနှောက် အဆက်အသွယ် ပျက်လို့ဖြစ်တာ များတယ်။
သွေးတိုးကျဆေးတွေ သောက်တဲ့လူတွေမှာ ပိုဖြစ်နိုင်တယ်။
ပါကင်ဆန်ရောဂါ၊ ဆီးချို၊ နှလုံးရောဂါတချို့မှာ သွေးပေါင်ကျနိုင်ခြေ များတယ်။
နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အမျိုးမျိုး ရှိနိုင်တယ်။
အလယ်အလတ်လောက်လေး ကျတာနဲ့ကို မူးဝေတာ၊ အားနည်းတာ၊ မူးလဲတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်နိုင်တယ်။
ဆိုးဆိုးရွားရွား ကျသွားရင်တော့ ကိုယ်ခန္ဓာက အောက်ဆီဂျင်ကောင်းကောင်း မရတော့ နှလုံးနဲ့ ဦးနှောက်တွေကိုတောင် ထိခိုက်နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















