/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးလေးဖက်နာရောဂါရဲ့-ကနဦးလက္ခဏာများ

သွေးလေးဖက်နာရောဂါရဲ့ ကနဦးလက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကျွန်မတို့အများစုကတော့ သာမန် နာကျင်ကိုက်ခဲတာလောက်နဲ့ ဆေးခန်းသွားပြတယ်ဆိုတာ ရှားပါတယ်။ ဒါပေမဲ့လည်း ဒီလိုသာမန်နာကျင်ကိုက်ခဲ၊ တောင့်တင်းတာတွေက လေးဖက်နာရဲ့လက္ခဏာ ဖြစ်နိုင်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။ သွေးလေးဖက်နာဆိုရင် စောစောသိ စောစောကုသမှုခံယူပါက ပြန်မကောင်းနိုင်တော့တဲ့ အဆစ်ပျက်စီးမှုတွေနဲ့ ယိုယွင်းမှုတွေကို ကာကွယ်နိုင်ပါတယ်။ သွေးလေးဖက်နာအတွက် စောစောကုသမှုခံယူတာက အရမ်းကိုအရေးကြီးပါတယ်။

 

>>    သွေးလေးဖက်နာအစ

          သွေးလေးဖက်နာဆိုတာက ကိုယ့်ရဲ့ခုခုံအားစနစ်က ကိုယ့်ရဲ့အဆစ်နံရံတွေကိုပြန်တိုက်ပြီးတော့ အရိုးတွေ ရောင်ရမ်းကိုက်ခဲစေပါတယ်။ အစောပိုင်းလက္ခဏာတွေကတော့ -

●        တုပ်ကွေးကဲ့သို့သော လက္ခဏာများ - ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ အစားအသောက်ပျက်ခြင်းစတဲ့ တုပ်ကွေးလိုမျိုး လက္ခဏာတွေက သက်သာမလာဘဲနဲ့ ရက်သတ္တပတ်နဲ့ လအတော်ကြာ ခံစားနေရတတ်ပါတယ်။

●        အဆစ်များ တောင့်တင်းပြီးတော့ နာကျင်ကိုက်ခဲခြင်း - ပထမပိုင်းမှာတော့ မနက်ပိုင်းတွေမှာ အဆစ်တွေ တောင့်တင်းနေပြီးတော့ လှုပ်ရှားမှုလုပ်တာနဲ့ နာကျင်မှုကို ခံစားရပါတယ်။ အစောပိုင်းမှာ အဆစ်တွေကို အနားပေးလိုက်ရင် ကိုက်တာ သက်သာပြီးတော့ လုံးဝမကိုက်ခဲတဲ့အချိန်တွေလည်း ရှိပါတယ်။ လေးဖက်နာ ပိုဆိုးလာတာနဲ့အမျှ အဆစ်တွေနာတာ မနက်ပိုင်းမှာ တောင့်တင်းတာတွေ ပိုဆိုးလာပြီးတော့ အချိန်တော်တော်ကြာအောင် ခံစားရပါတယ်။ အဆစ်တွေ ရောင်လာပြီးတော့ နေလို့မကောင်းတဲ့အတွက် အိပ်ရေးလည်း ပျက်စေပါတယ်။

          လေးဖက်နာ ပိုဆိုးလာတဲ့ပုံစံကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး? တချို့ကျတော့ လေးဖက်နာက သိပ်မပြင်းထန်ပေမယ့်လည်း တချို့မှာကျတော့ အချိန်ကြာလာတာနဲ့ ပိုပိုဆိုးလာပြီးတော့ လေးဖက်နာ ထတဲ့အချိန်တွေလည်း ရှိပါတယ်။ တချို့လူတွေမှာ လက္ခဏာတွေက ဆက်တိုက်ကြီး ပိုပိုဆိုးပြီး ပြင်းထန်လာပါတယ်။

 

>>    သွေးလေးဖက်နာက ဘယ်အဆစ်တွေမှာ ဖြစ်တာလဲ?

          သွေးလေးဖက်နာဆိုတာက အဆစ်တစ်ခုတည်းကို ထိတာမဟုတ်ဘဲနဲ့ အဆစ်အများကြီးကို ထိလေ့ရှိပါတယ်။ ပြီးတော့ ခန္ဓာကိုယ် နှစ်ဖက်လုံးမှာရှိတဲ့ အဆစ်တွေမှာ ဖြစ်တတ်ပါတယ်။ ဆိုလိုတာက ညာဘက်က ဒီအဆစ်မှာဖြစ်တယ်ဆိုရင် ဘယ်ဘက်မှာလည်း အဲဒိအဆစ်မှာ ဖြစ်ပါတယ်။ အစဦးပိုင်းမှာ လက်ဖဝါး၊ ခြေဖဝါး၊ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်မှာရှိတဲ့ အဆစ်သေးသေးလေးတွေကို ထိပါတယ်။ ဒါပေမဲ့ တင်ပါးဆုံရိုးလိုမျိုး အဆစ်ကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။

 

>>    ကလေးတွေမှာဖြစ်တဲ့ သွေးလေးဖက်နာ

          ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ လေးဖက်နာအမျိုးအစားကတော့ လူကြီးတွေနဲ့ မတူပါဘူး။ ကလေးတွေမှာတော့ အဆစ်တွေ အရင်ရောင်ပြီးနောက်မှ တောင့်တင်းလာတတ်ပါတယ်။

          ကလေးက အဆစ်လေးကို ကိုင်ပြီးတော့ ကွေးထားတာ၊ ပုံမှန်ထက် ပိုပြီးပျော့နေတာတွေကို သတိထားမိနိုင်ပါတယ်။ ပြီးတော့ ကိုယ်ပူတာ၊ အစက်အကွက်တွေထွက်တာ၊ အကျိတ်ရောင်တာတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေတော့ လေးဖက်နာက ပိုဆိုးမလာဘဲနေပြီးတော့ တချို့ကျတော့ အဆစ်တွေ ပျက်စီးတာ၊ ပုံပျက်တာတွေနဲ့ ကြီးထွားမှုပြဿနာတွေ ဖြစ်တတ်ပါတယ်။

          ဒီတော့ လူကြီးပဲဖြစ်ဖြစ်၊ ကလေးမှာပဲဖြစ်ဖြစ် အဆစ်ရောင်တာ၊ တောင့်တင်းတာတွေနဲ့ လေးဖက်နာရဲ့ စဦးလက္ခဏာတွေ တွေ့ပြီးဆိုရင်တော့ ဆရာဝန်နဲ့ မြန်မြန်ပြပြီး စောစောကုသမှု ခံယူတာက နောက်ဆက်တွဲပြဿနာတွေနဲ့ ရေရှည်တွေ့ကြုံရမယ့် အဆစ်ပုံပျက်တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)