သွေးလွန်တုပ်ကွေးအန္တရာယ် သတိပြု ကာကွယ်ပါ
မိုးလေး တဖွဲဖွဲ ရွာလာတာနဲ့ ခြင်တွေကလည်း တစီစီ ဖြစ်လာတာပါပဲ။ ခြင်တွေနဲ့အတူ သွေးလွန်တုပ်ကွေးကလည်း လိုက်လာတော့တာပေါ့။ ဘယ်သူဘယ်ဝါ့ကလေးတော့ဖြင့် သွေးလွန်တုပ်ကွေး သွေးလန့်သတဲ့ စသဖြင့်လည်း မကြာမကြာ ကြားရပြန်ပါတယ်။
>> သွေးလွန်တုပ်ကွေး လက္ခဏာများ
သွေးလွန်တုပ်ကွေးဆိုတာ -
● သွေးလွန်တုပ်ကွေးပိုးဝင်သူ ၄ ယောက်မှာ ၁ ယောက်လောက်ဟာ ဖျားနာပါလိမ့်မယ်။
● သွေးလွန်တုပ်ကွေးပိုးကြောင့် ဖျားနာသူတွေမှာ ရောဂါအပျော့စား ဖြစ်နိုင်သလို ပြင်းထန်အဆင့်လည်း ဖြစ်လာနိုင်ပါတယ်။
● ပြင်းထန်အဆင့် ဆိုရင်တော့ အသက်အန္တရာယ် ရှိနိုင်တာကြောင့် ဆေးရုံ ချက်ချင်းပြဖို့ လိုနိုင်ပါတယ်။
>> ရောဂါလက္ခဏာတွေကတော့ -
● အပျော့စားဆိုရင်တော့ တခြားဖျားနာတာတွေလိုပဲ ဖျားတာ၊ ကိုက်တာ ခဲတာ၊ အနီကွက် ထွက်တာတွေ ဖြစ်နိုင်ပါတယ်။
>> သွေးလွန်တုပ်ကွေးရဲ့ အဓိကလက္ခဏာတွေကတော့ ဖျားတာအပြင် -
● ပျို့ခြင်း၊ အန်ခြင်း
● အနီကွက် ထွက်ခြင်း
● ကိုက်ခြင်း၊ ခဲခြင်း (မျက်စိအောင့်ခြင်း၊ ကြွက်သားတွေ၊ အဆစ်အမြစ်တွေ၊ အရိုးတွေ ကိုက်ခဲခြင်း)
● သတိပေးလက္ခဏာရပ်တွေနဲ့ လာတတ်ပါတယ်။
သွေးလွန်တုပ်ကွေးလက္ခဏာတွေဟာ ၂ ရက်ကနေ ၇ ရက်လောက်အထိ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ၁ ပတ်လောက် ကြာတဲ့အခါ ပျောက်သွားတတ်ပါတယ်။
>> ဘယ်လိုကုသကြမလဲ?
● သွေးလွန်တုပ်ကွေးအတွက် ဆေးရယ်လို့ မယ်မယ်ရရ မရှိပါဘူး။
● ရောဂါလက္ခဏာတွေကိုပဲ အဓိကကုရမှာပါ။
● ဖျားလာရင်၊ သွေးလွန်တုပ်ကွေးရဲ့ တခြားလက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြပါ။
● တတ်နိုင်သလောက် အနားယူပါ။
● ဖျားတာ၊ ကိုက်ခဲတာတွေ သက်သာအောင် ပါရာစီတမော သောက်ပေးနိုင်ပါတယ်။
(အက်စ်ပရင်တို့၊ အိုင်ဗျူ ပရိုဖန်တို့ မသောက်ရပါဘူးနော်။)
● အရည်များများ သောက်ပါ။ ရေတို့၊ ဓာတ်ဆားရည်တို့ သောက်ပေးလို့ရပါတယ်။
သွေးလွန်တုပ်ကွေးလက္ခဏာတွေဟာ နာရီပိုင်းအတွင်းမှာတင် ပြင်းထန်လာတတ်ပါတယ်။ ပြင်းထန်အဆင့် သွေးလွန်တုပ်ကွေးဟာ အရေးပေါ်အခြေအနေပါ။
>> ပြင်းထန်သွေးလွန်တုပ်ကွေးဆိုတာ -
● သွေးလွန်တုပ်ကွေးဖြစ်သူ အယောက် ၂၀ မှာ ၁ ယောက်လောက်ဟာ ပြင်းထန်အဆင့် ဖြစ်တတ်ပါတယ်။
● ပြင်းထန်အဆင့် သွေးလွန်တုပ်ကွေးဟာ သွေးလန့်တာ၊ ကိုယ်တွင်း သွေးယိုတာ၊ သေဆုံးတာတွေအထိကို ဖြစ်နိုင်ပါတယ်။
● အရင်က သွေးလွန်တုပ်ကွေး ဖြစ်ဖူးတယ်ဆိုရင် ပြင်းထန်အဆင့် ဖြစ်နိုင်ခြေ ပိုများပါတယ်။
● မွေးကင်းစတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း ဖြစ်နှုန်း ပိုများပါတယ်။
>> ပြင်းထန်သွေးလွန်တုပ်ကွေးရဲ့လက္ခဏာတွေကတော့ -
ပြင်းထန်သွေးလွန်တုပ်ကွေးရဲ့ သတိပေးလက္ခဏာတွေဟာ ဖျားတာ ကျသွားပြီးနောက် ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာ ပေါ်လာတတ်ပါတယ်။
● ဗိုက်အောင့်တာ၊ နာတာ
● အန်တာ (၂၄ နာရီအတွင်း အနည်းဆုံး ၃ ကြိမ်)
● နှားခေါင်းသွေးလျှံ၊ သွားဖုံး သွေးယိုတာ
● သွေးတွေ အန်တာ၊ ဝမ်းထဲ သွေးပါတာ
● နုံးနေ၊ ဂဏှာမငြိမ်တာ၊ စိတ်တို စိတ်ဆတ်နေတာမျိုးတွေ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။
>> ပြင်းထန်သွေးလွန်တုပ်ကွေးကို ဘယ်လိုကုသကြမလဲ?
● သတိပေးလက္ခဏာတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။
● အရေးပေါ်အခြေအနေဖြစ်ပြီး ချက်ချင်း ဆေးရုံတက်ဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)














