/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးအား-မနည်းရအောင်

သွေးအား မနည်းရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဖြူဖျော့နုံးချိနေပြီးတော့ မလှုပ်ချင် မကိုင်ချင်ဖြစ်နေလား? ဒါဆိုရင်တေ့ာ သွေးအားနည်းနေတာ ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတာဟာ အင်မတန် အဖြစ်များတာကြောင့် လူတိုင်းလူတိုင်း တစ်ကွေ့ကွေ့မှာတော့ ကြုံတွေ့ကြရမှာပါပဲ။

          အများစုကတော့ ခဏတစ်ဖြုတ် အနည်းအကျဉ်းလောက်ပဲ ဖြစ်တတ်တယ်။ ဒါပေမဲ့ အကြာကြီးမကုဘဲထားရင်တော့ ပိုပိုဆိုးလာနိုင်တယ်နော်။ ကောင်းတာတစ်ချက်က သွေးအားနည်းတာဟာ ကာကွယ်လို့ရပြီး သံဓာတ်လုံလောက်ရင် ပြန်ကောင်းသွားပါတယ်။

          ခန္ဓာကိုယ်မှာ သွေးနီဥတွေ ကောင်းကောင်းမရှိတဲ့အခါ သွေးအားနည်းတတ်တယ်။ သွေးနီဥ နည်းနေတာပဲဖြစ်ဖြစ်၊ သံဓာတ်သယ်ဆောင်တဲ့ သွေးအားပရိုတင်း မရှိတာပဲဖြစ်ဖြစ် ဖြစ်နိုင်တယ်။ သွေးနီဥတွေက ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင် လိုက်ပို့ပေးပြီးတော့ သွေးနီဥထဲမှာရှိတဲ့ သွေးအားပရိုတင်းက အောက်ဆီဂျင်ကို သယ်ဆောင်ပေးတယ်။

          ဒါကြောင့် သွေးနီဥ အရေအတွက် နည်းနေတာပဲဖြစ်ဖြစ်၊ သွေးအားပရိုတင်း နည်းနေတာပဲဖြစ်ဖြစ် လိုတဲ့အောက်စီဂျင်ကို ကောင်းကောင်း မရတေ့ာဘူးပေါ့။ အောက်ဆီဂျင် ကောင်းကောင်းမရတော့ နုံးပြီးပင်ပန်းလာတတ်တယ်။ တခြားလက္ခဏာတွေအနေနဲ့ဆိုရင် အသက်ရှူကြပ်တာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ အသားအရေတွေ ဖြူဖျော့လာတာ၊ ခြေဖျားလက်ဖျားတွေ အမြဲအေးစက်နေတာတွေ ဖြစ်တတ်တယ်။

          များသောအားဖြင့်တော့ သံဓာတ်အားနည်းလို့ သွေးအားနည်းတတ်တယ်။ စားတဲ့အထဲမှာ သံဓာတ်မလုံလောက်လို့ ဖြစ်တတ်တယ်။ သွေးအားပရိုတင်းနဲ့ သွေးနီဥတွေ ကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းအနေနဲ့ သံဓာတ်နဲ့ အာဟာရဓာတ်တွေ လိုတယ်။ ဒါကြောင့် သံဓာတ်တွေအပြင် ဗီတာမင် B12၊ ဖောလစ်၊ ပရိုတင်းတွေ လိုအပ်တယ်။ အာဟာရ ပြည့်ပြည့်ဝဝစားဖို့နဲ့ အားဖြည့်ဆေးတွေသောက်ဖို့ လိုတယ်နော်။

          နောက်ထပ် သံဓာတ် သွေးအားနည်းစေတဲ့ အကြောင်းရင်းတစ်ခုကတော့ သွေးထွက်တာပါ။ ထိခိုက်ဒဏ်ရာရလို့ဖြစ်စေ၊ ကလေးမွေးလို့ဖြစ်စေ၊ ခွဲစိတ်မှုတွေကြောင့်ဖြစ်စေ သွေးထွက်ပြီး သွေးအားနည်းတတ်တယ်။ ပြီးတော့ အမျိုးသမီးတွေမှာလည်း လစဉ်ဓမ္မတာကြောင့် သွေးအားနည်းတတ်ကြတယ်။

          အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ် ပိုလိုတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာကို သေချာမကုလိုက်ဘူးဆိုရင် မွေးလာတဲ့ ကလေးလေးတွေမှာလည်း သံဓာတ် အားနည်းနေလိမ့်မယ်။ ဒီလိုသံဓာတ်အားနည်းတာက ကလေးကြီးထွားနှုန်းနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။

          အမျိုးသမီးတစ်ယောက် နုံးနေ၊ လေးနေပြီဆိုရင် သံဓာတ်များ အားနည်းနေသလား စဉ်းစားရမယ်။ ဒီလိုဖြစ်နေတာ ကြာပြီဆိုရင်တောင် စစ်ကြည့်လိုက်ပါ။ သံဓာတ်အားဖြည့်ဆေး ပေးလိုက်တာနဲ့ ပြောင်းလဲမှုကို သိသိသာသာ မြင်ရပါလိမ့်မယ်။ တချို့ဆိုရင် တစ်ခါမှ ဒီလိုနေလို့မကောင်းဖူးဘူးလို့ ပြောကြတယ်။

          လူအများစုဟာ သွေးအားနည်းလို့ နည်းမှန်းမသိ ဖြစ်တတ်ကြတယ်။ ရောဂါလက္ခဏာလေး နည်းနည်းဖြစ်ဖြစ်၊ လုံးလုံးမရှိတာပဲဖြစ်ဖြစ် ဖြစ်တတ်ကြတယ်။ သွေးလေးတစ်ချက်လောက် ဖောက်စစ်ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

          များသောအားဖြင့်တော့ သံဓာတ် များတာလေးတွေ စားပေးတာနဲ့တင် သက်သာနိုင်ပါတယ်။ အကောင်းဆုံးကတော့ အနီရောင်အသား (အမဲသား၊ အသည်း)၊ ကြက်၊ ဘဲ၊ ငါးနဲ့ အခွံမာပင်လယ်စာတွေပါ။ နောက်ပြီးတော့ ပဲအမျိုးမျိုးတွေ၊ တု့ိဖူး၊ ဟင်းနုနွယ်လိုမျိုး အစိမ်းရင့်ရောင်အသီးအရွက်တွေ၊ ဆီးသီးခြောက်၊ စပျစ်သီးခြောက်တွေနဲ့ သံဓာတ်ဖြည့်ထားတဲ့ မနက်စာ cerealတွေ၊ ပေါင်မုန့်တွေလည်း စားလို့ရတယ်နော်။

          ပိုဆိုးပြီး ပိုရှားပါးတဲ့ သွေးအားနည်းရောဂါတွေကို ဘယ်လို ကုရမယ်ဆိုတာကတော့ လေ့လာဆဲပါ။ တချို့တွေက ဆေးနဲ့ကုလု့ိရပေမယ့် အရမ်းဆိုးရင်တော့ သွေးသွင်းဖို့၊ ခွဲစိတ်ဖို့ လိုနိုင်တယ်။

          အစားအသောက်ကနေ သံဓာတ်ကောင်းကောင်း မရဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး သံဓာတ်အားဖြည့်ဆေးတွေ သောက်ဖို့လိုတယ်။ အသီးအရွက်တွေထက်စာရင် အသားငါးမှာပါတဲ့ သံဓာတ်ကို ပိုစုပ်ယူနိုင်တယ်။ ဒါကြောင့် သက်သက်လွတ်သမားတွေဟာ သံဓာတ်အားပြည့်အောင် ကြိုးစားရမယ်။

          အာဟာရပြည့်ဝပြီး သံဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေ စားပေးတာဟာ သွေးအားနည်းခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး လန်းဆန်းတက်ကြွစေနိုင်ပါလိမ့်မယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)