ဟင်းသီးဟင်းရွက်ကို နေ့စဉ်အစားအစာတွင် ပါ၀င်အောင်စားပေးသင့်သော အကြောင်းရင်း
1. ဗီတာမင် နှင့် အင်တီအောက်ဆီးဒင့် ကြွယ်၀ခြင်း
ဟင်းသီးဟင်းရွက်ကိုဘာကြောင့် စားပေးသင့်သလဲဆိုတော့ ၎င်းမှာပါ၀င်တဲ့ အာဟာရဓာတ်တွေကြောင့်လိုဆိုရမှာပါ။ အာဟာရဓာတ်လို့ဆိုရာမှာ ဘက်စုံကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပြည့်နှက်နေခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အာဟာရဓာတစ်ခုချင်းစီအလိုက် ကျန်းမာရေးအတွက် ကောင်းကျိုးကိုယ်စီပြုပေးနိုင်တာကြောင့် ကျန်းမာရေးကောင်းဖို့ ဟင်းသီးဟင်းရွက်ကို မဖြစ်မနေစားပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်အများစုမှာ သွေးဖိအားပုံမှန်ဖြစ်စေဖို့အတွက် အထောက်အပ့ံပေးနိုင်တဲ့ ပိုက်တက်ဆီယမ်ဓာတ်မြင့်မားစွာ ပါ၀င်ပြီး ဗီတာမင် D၊ A ပါ၀င်ခြင်းကြောင့် မျက်လုံး၊ အရေပြား၊ သွား၊ သွားဖုံးကျန်းမာရေးဆိုးကျိုးများဖြစ်စေခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါအလွယ်တကူမ၀င်ရောက်နိုင်အောင် ကူးစက်ရောဂါပိုးတွေကို တွန်းလှန်တိုက်ထုတ်ပေးရာမှာ၊ အနာကျက်မြန်အောင်လုပ်ပေးရာမှာလည်း ၎င်းဗီတာမင် C နဲ့ A များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ ကြွယ်၀စွာပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်က ခန္ဓာကိုယ်ဆဲလ်ပျက်စီးခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ပါကင်ဆန်ရောဂါ၊ သွေးကြောလေးကျစ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ အယ်လ်ဇိုင်းမားရောဂါ စတဲ့ရောဂါတွေဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
2. အမျှင်ဓာတ်ပေါများခြင်း
အမျှင်ဓာတ်ဆိုတာ ဟင်းသီးဟင်းရွက်စားမှရနိုင်တဲ့ အာဟာရဓာတ်တစ်မျိုးလို့တောင် ဆိုလို့ရပါတယ်။ အမျှင်ဓာတ်ရဲ့ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းဆောင်တာကတော့ သွေးတွင်းရှိမကောင်းတဲ့အဆီတွေကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေ နည်းအောင် လုပ်ပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ဟာ အစာခြေဖျက်မှုဆိုင်ရာလုပ်ငန်းစဉ် ချောမွေ့စေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ကာ ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန်ကိုကောင်းစွာထိန်းနိုင်ဖို့ရန် အထောက်အကူပြုပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျော့ချသူတွေ စားပေးသင့်တဲ့အာဟာရဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်၀တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်ကို စားပါက ကြာကြာဗိုက်ပြည့်နေစေတဲ့အတွက် ခဏခဏဆာလောင်ခြင်းမှ ကင်းေ၀းစေပါတယ်။ ဒါ့အပြင် ၀မ်းလည်း မှန်မှန်သွားစေပါတယ်။
အာဟာရဓာတ်ပိုပါသော ဟင်းသီးဟင်းရွက်
တချို့ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ အရောင်တောက်တောက် ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေပိုပါတာကြောင့် ဟင်းသီးဟင်းရွက်စားလို့ ရရှိမယ့်အာဟာရဓာတ်တွေကို အပြည့်အ၀ရရှိစေနိုင်ပါတယ်။ ဒါကြောင့် အိမ်ရှင်မတွေအနေနဲ့ အရောင်အသွေးစိုပြည်မှုရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဦးစားပေးရွေးချယ်၀ယ်ယူသင့်ပါတယ်။
















