အကိုက်အခဲပျောက်ဆေးတွေရဲ့ အန္တရာယ်
အကိုက်အခဲပျောက်ဆေးဆိုတာ အင်မတန် အသုံးများတဲ့ဆေးထဲမှာ ပါတယ်။ ဆေးတွေက ဈေးမကြီးတဲ့အတွက် ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ထုတ်ပြီးသားတွေကို ထပ်လေ့လာတာ၊ အသစ်အသစ်တွေ ထပ်ထုတ်တာမျိုး သိပ်မလုပ်တတ်ကြဘူး။ သုံးနေကျ အကိုက်အခဲပျောက်ဆေးတိုင်းမှာ ဆိုးကျိုးလေးတွေ ကိုယ်စီရှိကြတယ်။ ဆေးအသုံး မှားမှားလာကြတာကို တွေ့ရတယ်လို့ လူထုကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့အစည်း ၂ ခုမှာ အလုပ်လုပ်သူ ဒေါက်တာဂျက်ကာစလိုနမ်က ဆိုပါတယ်။
ခွဲစိတ်မှုအပြီး ဒါမှမဟုတ် ဒဏ်ရာရထားသူတွေမှာ သွေးထွက်စေတတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နေတာကို အပတ်တိုင်းလိုလို တွေ့ရတယ်လို့ ဆိုတယ်။ များသောအားဖြင့် အိုင်ဗျူပရိုဖန်ဆေးပါ။ ဆရာဝန်နဲ့ ပြသကုသထားတာမဟုတ်တဲ့ ထိခိုက်ဒဏ်ရာရသူ တစ်ဝက်ကျော်ကျော်လောက်ဟာ ဆရာဝန်နဲ့မပြခင်ကို ဒီဆေးတွေ သောက်ထားလေ့ရှိတယ်။ အကိုက်အခဲပျောက်ဆေး အားလုံးလိုလိုဟာ အစာအိမ်နဲ့ အူသွေးယိုစေနိုင်စွမ်း၊ အနညး်ဆုံးတော့ အစာအိမ်နဲ့ အူသိမ်ကို သွားဆွနိုင်စွမ်း ရှိကြတယ်။
ပါရာစီတမောကတော့ သွေးထွက်စေနိုင်တာမျိုး မဖြစ်ပေမယ့် အသည်းကို ဝန်ပိုစေတာမို့ အသည်း အဆီဖုံးတာ၊ အသည်းခြောက်တာတွေ ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ ပါရာစီတမောကို ဗိုက်နာတာတွေအတွက် အရက်သမားတွေ၊ အသည်းရောဂါရှိသူတွေ သောက်သောက်နေတာ တွေ့ရတယ်။
မီတာမီဇိုး (ဒိုင်ပိုင်ရုန်း) ဆေးကတော့ အစာအိမ်ကိုလည်း မထိခိုက်နိုင်သလို သွေးလည်း မထွက်စေနိုင်ဘူး။ ဒါပေမဲ့ ရိုးတွင်းချဉ်ဆီကို သွားဖိနှိပ်ထားတဲ့အတွက် သွေးဖြူဥတွေ နည်းသွားပြီး ခုခံအား ကျဆင်းလာတတ်တယ်။ အထူးသဖြင့် ပိုးဝင်ဝင်ချင်း ဝါးမျိုပေးနိုင်တဲ့ သွေးဖြူဥတွေ မထွက်တော့တဲ့အခါ သေနှုန်း ၂၄% တောင် ရှိတယ်။
အသစ်ထွက်တဲ့ အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ ကိုဆစ်နဲ့ဆုံးတဲ့ဆေးတွေကတော့ သွေးလည်းမထွက်၊ အသည်းကိုလည်း ဒုက္ခမပေးပေမယ့် သွေးတိုးစေနိုင်တယ်။ ဒါကြောင့် သွေးတိုးရှိသူတွေ သတိထားရမယ်။
အကိုက်အခဲပျောက်ဆေးသောက်တဲ့အခါ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး ရွေးချယ်သောက်ဖို့ လိုတယ်ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ ဘေးရှင်းရှင်းနဲ့ သောက်နိုင်ကြပါစေနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















