/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အကြောလျှော့ဖို့-ဘာကြောင့်-လိုအပ်ရတာလဲ

အကြောလျှော့ဖို့ ဘာကြောင့် လိုအပ်ရတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခန္ဓာကိုယ် ကြံ့ခိုင်ဖို့အတွက် ကြွက်သားတည်ဆောက်ဖို့ပဲ အရေးကြီးတာ မဟုတ်ပါဘူး။ ကြွက်သားတွေ ပျော့ပျောင်းမှုရှိဖို့လည်း အရေးကြီးပါသေးတယ်။ ကြွက်သားတွေ ပျော့ပျောင်းဖို့အတွက်ကိုတော့ အကြောလျှော့ခြင်းက ကူညီပေးနိုင်ပါလိမ့်မယ်။
အကြောလျှော့တယ်ဆိုတာ အားကစားသမားတွေနဲ့ လေ့ကျင့်ခန်းလုပ်တဲ့သူတွေပဲ လုပ်ရတဲ့အလုပ်လို့ ထင်နေကြပါလိမ့်မယ်။ တကယ်က လူတိုင်းလုပ်ရမယ့်အလုပ်ပါ။ ခန္ဓာကိုယ်ကြွက်သားတွေ ကောင်းကောင်းလှုပ်ရှားနိုင်ဖို့နဲ့ ဒဏ်မဖြစ်ဖို့အတွက် လူတိုင်း အကြောလျှော့ပေးဖို့ လိုအပ်ပါတယ်။

>>  ဘာကြောင့် အကြောလျှော့ဖို့ အရေးကြီးတာလဲ?
အကြောလျှော့ခြင်းဟာ ကြွက်သားတွေကို ပျော့ပျောင်းစေပါတယ်။ ကြွက်သားပျော့ပျောင်းမှသာ အဆစ်တွေ ကောင်းကောင်းလှုပ်ရှားလို့ရမှာပါ။ ပျော့ပျောင်းမှုမရှိရင် ကြွက်သားတွေဟာ တောင့်တင်းနေပြီးတော့ လှုပ်ရှားလိုက်ရင် ကြွက်သားတွေဒဏ်ဖြစ်ပြီးတော့ ပျက်စီးနိုင်ပါတယ်။ ဒဏ်ဖြစ်သွားတဲ့ကြွက်သားဟာ အဆစ်တွေကို အထောက်အပံ့ မပေးနိုင်တော့လို့ အဆစ်တွေပါ ထိခိုက်ဒဏ်ရာရလာပါတယ်။ ဒါကြောင့် ကြွက်သားနဲ့အဆစ်တွေကို ကာကွယ်ဖို့အတွက် အကြောလျှော့ပေးဖို့ အရေးကြီးတာပါ။

>>  ခန္ဓာကိုယ်ရဲ့ဘယ်ကြွက်သားတွေကို အကြောလျှော့ပေးဖို့ လိုသလဲ?
တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို အကြောလျှော့ပေးဖို့ မလိုပါဘူး။ လှုပ်ရှားသွားလာဖို့ အရေးပါတဲ့ကြွက်သားတွေကိုပဲ အကြောလျှော့ပေးပါ။ ခြေသလုံးကြွက်သား၊ ပေါင်ရှေ့နောက်ရှိကြွက်သားများ၊ တင်ပဆုံရိုးကြွက်သား စတာတွေကို လုပ်ပေးရင် လုံလောက်ပါပြီ။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာတော့ ပခုံး၊ လည်ပင်းနဲ့ နောက်ကျောတို့ကို အကြောလျှော့ပေးပါ။

>>  တစ်ပတ်ကို ဘယ်နှကြိမ်လုပ်ရမလဲ?
နေ့တိုင်းလုပ်ရင် ပိုကောင်းပါတယ်။ မလုပ်နိုင်ဘူး၊ ဒါမှမဟုတ် လုပ်ဖို့အချိန်မရှိဘူးဆိုရင် တစ်ပတ်ကို သုံး၊ လေးကြိမ်လောက်တော့ လုပ်ပေးပါ။

>>  ဘယ်လောက်ကြာကြာလုပ်ရမှာလဲ?
တစ်ကြိမ်တည်းလုပ်ရုံနဲ့တော့ မပျော့ပျောင်းနိုင်ပါဘူး။ အပတ်ပေါင်းများစွာ၊ လပေါင်းများစွာကြာအောင် အချိန်ယူရပါတယ်။ တကယ်လို့ ကြွက်သားတွေ ပျော့ပျောင်းသွားပြီဆိုရင်တောင်မှ ဒီပျော့ပျောင်းမှုကို ထိန်းသိမ်းထားနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေရဦးမှာပါ။

>>  အကြောလျှော့တာကို ဘယ်လိုလုပ်ရမှာလဲ?
အကြောလျှော့ခြင်းကိုယ်တိုင်က လေ့ကျင့်ခန်းလုပ်တာပါ။ ဒါကြောင့် အကြောမလျှော့ခင် ကြွက်သားတွေ သွေးပူအောင်လုပ်ပေးဖို့ လိုပါလိမ့်မယ်။ အကြောမလျှော့ခင်မှာ ခပ်သွက်သွက် လမ်းလျှောက်တာမျိုးစတဲ့ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို (၅) မိနစ် သို့မဟုတ် (၁၀) မိနစ်ခန့် လုပ်ပေးပါ။
အကြောလျှော့တဲ့ ပုံမှန်အမှန်ကိုသိအောင် အရင်လေ့လာပါ။ ကြွက်သားတစ်ခုကို အကြောလျှော့ရင် စက္ကန့် (၃၀) လောက် ထိန်းထားပါ။ ပုံစံမပြောင်းလိုက်ပါနဲ့။ ဒီလိုလုပ်တာဟာ ကြွက်သားကို ထိခိုက်ဒဏ်ရာရစေပါတယ်။
အကြောလျှော့နေတဲ့အချိန်မှာ ကြွက်သားတင်းတာကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ နာကျင်တာကိုတော့ ခံစားရမှာ မဟုတ်ပါဘူး။ အကယ်၍ ကြွက်သားနာကျင်တာကို ခံစားရရင် ကြွက်သားထိခိုက်ဒဏ်ရာရတာ ဖြစ်နိုင်လို့ အကြောလျှော့တာကို ရပ်လိုက်ပြီး ဆရာဝန်နဲ့ပြပါ။

Dr. Aye Hsu Mon (www.drmyanmar.com)