အချိန်တိုင်း မလှုပ်ချင်၊ မကိုင်ချင် ပင်ပန်းနေရင် ...
တစ်နေကုန် အားနည်း ပင်ပန်းနေတာဟာ မနေ့ညက အပေါင်းဖော်တွေနဲ့ သောက်တာ များသွားလို့၊ ဒါမှမဟုတ် ယားလို့မှ မကုတ်အားလောက်အောင် အလုပ်တွေ ရှုပ်နေလို့၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကိုက ပျင်းရိငြီးငွေ့နေလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ... အချိန်တိုင်း ပင်ပန်းနေတာဟာ သင့်ခန္ဓာကိုယ်ထဲမှာ ရောဂါတစ်စုံတစ်ရာ ရှိနေကြောငး် ပြသနေတဲ့ အချက်ပေးခေါင်းလောင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
သတိထားရမယ့် ရောဂါတွေကတော့ ...
1. သွေးအားနည်းရောဂါ
မလှုပ်ချင်၊ မကိုင်ချင်ဖြစ်ပြီး အသက်ရှူရ ကျပ်ကျပ်နေတယ်၊ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ မောမောနေတယ် ဆိုတာတွေဟာ သင် သွေးအားနည်းနေပြီဆိုတာကို ပြနေပါတယ်။ ဒါ့အပြင် ချမ်းစိမ့်စိမ့် ဖြစ်နေတာ၊ မူးနောက်နောက် ဖြစ်နေတာ၊ တစ်ချိန်လုံး စိတ်အလိုမကျ ဖြစ်နေတာ၊ ခေါင်းကိုက်နေတာတွေဟာလည်း သွေးအားနည်းလက္ခဏာတွေပဲ ဖြစ်ပါတယ်။
2. သိုင်းရွိုက်ရောဂါ
ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟော်မုန်းဓာတ်တွေ နည်းနေတဲ့အခါ မောမောနေတတ်တဲ့အပြင် အသားတွေ ခြောက်တာ၊ ဝမ်းချုပ်တာ၊ အားမရှိ လေးလံထိုင်းမှိုင်းတာတွေ ဖြစ်တတ်ပါတယ်။
3. သွေးတွင်းအချိုဓာတ် များနေခြင်း (သို့) ဆီးချိုရောဂါ
သွေးတွင်းအချိုဓာတ် ပုံမှန်ထက် များလာတဲ့အခါ ခန္ဓာကိုယ်ဆဲလ်တွေဆီကို လုံလောက်တဲ့ အောက်ဆီဂျင်ဓာတ်နဲ့ အစာအာဟာရတွေ မရောက်နိုင်တဲ့အတွက် ပုံမှန်ထက် ပင်ပန်းနွမ်းလျနေတတ်ပါတယ်။
4. စိတ်ကျရောဂါ
စိတ်ဓာတ်ကျနေတဲ့သူတွေဟာ တစ်ချိန်လုံး မလှုပ်ချင်၊ မကိုင်ချင်ဖြစ်ပြီး ညဘက်တွေမှာ အိပ်မပျော်နိုင်တာ၊ မနက်ဘက်တွေမှာ မထချင်တာတွေ ဖြစ်တတ်ပါတယ်။
5. အစားအစာ ဓာတ်မတည့်ခြင်း
နှံ၊ ပြောင်းတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ အတွေ့ရများပြီး နုံးနေတာ၊ အနီကွက်တွေ ထွက်လာတာ၊ ဗိုက်ကြီး ကယ်နေတာ၊ ဦးနှောက် မကြည်မလင်ဖြစ်တာ စတဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။
6. Adrenal ဟော်မုန်း အထွက်နည်းခြင်း
စိတ်ဖိစီး၊ ကိုယ်ဖိစီးမှု များတဲ့အခါ၊ အလုပ်ဖိစီးမှုတွေ၊ အအိပ်ပျက် အစားပျက် ဖြစ်တာတွေနဲ့ မူးယစ်ဆေးနဲ့ အရက် အလွန်အကျွံ သုံးစွဲသူတွေမှာ Stress ဟော်မုန်းလို့ခေါ်တဲ့ ဖိစီးမှုကို ခံနိုင်ရည်ရှိအောင် လုပ်ပေးတတ်တဲ့ Adrenal ဟော်မုန်းဓာတ်တွေ ပုံမမှန်ဖြစ်လာပြီး အားအင်နွမ်းပါး နုံးချိနေတတ်ပါတယ်။
7. ရောဂါပိုးမွှားများ ဝင်ရောက်ခြင်း
နာတာရှည်ရောဂါများ အထူးသဖြင့် Epstein-Barr Virus လို့ခေါ်တဲ့ နာတာရှည် ဖျားနာပြီး အကျိတ်တွေ ကြီးတတ်တဲ့ရောဂါတစ်မျိုးနဲ့ Lyme Disease လို့ခေါ်တဲ့ သန်းကိုက်ရောဂါတွေမှာ ရက်ရှည်လများ နုံးနုံးနေတတ်တာကို တွေ့ရပါတယ်။
8. Sleep apnoea (ခေါ်) ညဘက်အိပ်နေရင်း အသက်ရှူ ခဏ ရပ်ရပ်သွားတတ်သောရောဂါ
ထိုသို့ဖြစ်တတ်တဲ့လူတွေဟာ အိပ်ရာနိုးလာတဲ့အခါ မကြည်မလင် အိပ်ရေးမဝဘဲ နုံးနေတတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















