အချိုတွေအများကြီးမစားမိအောင် ထိန်းနည်း
ခန္ဓာကိုယ်ရဲ့တစ်ခုခုလိုအပ်ချက်ကြောင့် ချင်ခြင်းတတ်တာဖြစ်နိုင်ပေမယ့်လည်း ခန္ဓာကိုယ်ရဲ့သဘာဝမျှခြေအနေအထား ပုံမမှန်တာကြောင့်လည်း မလိုအပ်ဘဲနဲ့ သကြားဓာတ်ကို တောင့်တတတ်ကြပါတယ်။ သကြားမှာ ကစီဓာတ်ပါဝင်တာကြောင့် စွမ်းအင်ကိုမြှင့်တင်ပေး၍ စိတ်ကျေနပ်မှုကို ရစေနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီခံစားမှုက ခဏတာသာဖြစ်ပြီး မကြာခင်မှာပဲအချိုဓာတ်ကို ပြန်လည်တမ်းတနိုင်ပါတယ်။ လူတိုင်းဟာ မွေးကင်းစအရွယ်ကစတင်ပြီးတော့ အချိုအရသာကိုခံစားဖူးကြပြီး လူအများစုအတွက် သကြားဟာအကြိုက်ဆုံးအရာတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သကြားဓာတ်က ခန္ဓာကိုယ်တွင်းကောင်းမွန်တဲ့ ဟော်မုန်း (Serotonin) ထွက်အောင် တွန်းအားပေးနိုင်တာကြောင့် စိတ်ကျေနပ်မှုတစ်ခုကို ရစေတာဖြစ်ပါတယ်။
1. သကြားရဲ့အလုပ်လုပ်ပုံကို နားလည်အောင်ကြိုးစားကြည့်ခြင်း
သကြားဓာတ်ဟာ လူအများထင်သလို ကိုယ်အလေးချိန်တိုးစေရုံသာမက အဲဒီအချိုအရသာဟာ လူကိုလည်းအလွန်စွဲလန်းစေပါတယ်။ ထို့ပြင် သကြားဓာတ်ကိုအလွန်အကျွံစားသုံးမိပါက ကိုယ်ခံအားစနစ်ကိုထိခိုက်စေရုံသာမက သွားပိုးစားခြင်း၊ ယောင်ယမ်းခြင်း၊ ကင်ဆာရောဂါကို ပိုမိုဖြစ်စေနိုင်ခြင်း၊ ဆီးချိုရောဂါနှင့် အဝလွန်ခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။
2. အချိုကိုရံဖန်ရံခါ စားသုံးပေးပါ
သကြားဓာတ်ဆာလောင်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် တစ်ခါတရံ အချိုဓာတ်ကိုစားသုံးပေးပါ။ သကြားစားသုံးမှုကို လျှော့ချတာကလွယ်ပေမယ့် လုံးဝဖြတ်တောက်လိုက်ဖို့တော့ အတော်ခက်ခဲပါတယ်။ တစ်ခါတစ်ရံမှာ သကြား (သို့) ကွတ်ကီးစားသုံးပေးပါက နောက်တစ်ကြိမ်စားချင်စိတ်ကို ထိန်းပေးနိုင်ပါတယ်။
3. ပီကေစားပါ
သုတေသနပြုလုပ်ချက်တွေအရ ပီကေစားခြင်းဟာ ခန္ဓာကိုယ်ရဲ့အချိုစားချင်စိတ်ကို များစွာလျှော့ကျစေနိုင်ပါတယ်။
4. ခရိုမီယမ်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကိုများများစားပေးပါ
ခရိုမီယမ်ဟာ ဆားတစ်မျိုးဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းနိုင်ရုံသာမက အချိုစားချင်စိတ်ကိုပါ လျှော့ချပေးနိုင်ပါတယ်။ ကန်စွန်းဥ၊ ကြက်ဥ၊ ဂျုံနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကဲ့သို့ ခရိုမီယမ်ဓာတ်တွေအများကြီးပါတဲ့ အစားအစာတွေစာပေးခြင်းဖြင့် အချိုစားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။
5. ကဖိန်းဓာတ်နဲ့ အရက်သောက်ခြင်းကို လျှော့ချပါ
ကဖင်းဓာတ်နဲ့ အရက်များစွာသောက်သုံးခြင်းဟာ အချိုစားချင်စိတ်ကိုပိုဆိုးစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းအရာတွေဟာ ရေပိုငတ်စေပြီး ဓာတ်ဆားဓာတ်လျော့ကျနိုင်ခြင်းကြောင့် အချိုပိုမိုစားချင်လာတာဖြစ်ပါတယ်။
6. အစာကို အချိန်မှန်စားပါ
အစာစားချိန် တစ်ချိန်နဲ့တစ်ချိန် အရမ်းဝေးလွန်းတာကြောင့် သကြားဓာတ်ကို ပိုမိုစားသုံးလိုစိတ်ဖြစ်ရတာဖြစ်ပါတယ်။ သုံးနာရီခြားတစ်ခါလောက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားသုံးပေးပါက ဗိုက်မဆာတော့တဲ့အတွက် သကြားဓာတ်တွေလည်း သိပ်မစားဖြစ်တော့ပါဘူး။
7. သစ်ခွနံ့ကို ရှုရှိုက်ခြင်း
လေ့လာဆန်းစစ်မှုတွေအရ အနံ့ချိုချိုအီအီရှိတဲ့ သစ်ခွနံ့ကိုရှုရှိုက်လိုက်ခြင်းအားဖြင့် စိတ်ကိုကြည်လင်စေတဲ့အတွက် အချိုစားချင်စိတ်ကိုတော်တော်လျှော့ချပေးနိုင်ပါတယ်။ သစ်ခွရနံ့ပါတဲ့ ဖယောင်းတိုင်ကိုထွန်းတာပဲဖြစ်ဖြစ်၊ သစ်ခွနံ့ရေမွှေးကို လက်မှာစွတ်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
8. ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်၊ အမျှင်ဓာတ်နဲ့ အသားဓာတ်တွေကို ပိုမိုစားသုံးပါ
သကြားဓာတ်ကိုလျှော့ချလိုပါက ကျန်းမာရေးနဲ့သင့်တော်တဲ့ အခြားအစားအစာတွေနဲ့အစားထိုးပါ။ (ဥပမာ - အမျှင်ဓာတ်၊ အသားဓာတ်)
9. နေ့လည်နေ့ခင်းများတွင် အအားမနေပါနှင့်
အစားအစာပိုမိုစားချင်စိတ်ဟာ နေ့လည်နေ့ခင်းသုံးနာရီခွဲနီးပါးလောက်မှာဖြစ်တတ်ပြီး အဓိကအကြောင်းအရင်းကတော့ ဘာမှလုပ်စရာမရှိတာကြောင့်ပဲဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မနက်ပိုင်းမှာလုပ်ရမယ့်အလုပ်တွေကို နေ့ခင်းဘက်ရွှေ့လိုက်ခြင်းဖြင့် အချိုဓာတ်တွေအများကြီးစားတာကို လျှော့ချနိုင်ပါတယ်။
10. အစာကိုဖြည်းဖြည်းဝါးစားပါ
အစာကိုချေဖျက်နေတဲ့အချိန်မှာ ကစီဓာတ်တွေဟာ သကြားဓာတ်အဖြစ် ဖြိုခွဲခြင်းခံလိုက်ရပါတယ်။ ၎င်းအစာခြေလုပ်ငန်းဟာ အစားအစာတွေကိုဝါးတဲ့အချိန်ကစတင်တာဖြစ်တာကြောင့် အစာဖြည်းဖြည်းစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အချိုဓာတ်ကိုအများကြီးမစားမိအောင်တားပေးနိုင်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)
















