အစာကြေလွယ်သော အစားအစာများ
အစာကြေလွယ်ဖို့အတွက် အစေ့အနှံများ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ စတဲ့အစားအသောက်အမျိုးအစားတွေကို ရွေးချယ်စားသုံးနိုင်ပါတယ်။ တစ်ခါစားလျှင် နည်းနည်းစီနဲ့မကြာခဏစားပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
အစာချေခြင်းဟာ ပါးစပ်ထဲမှာစတင်တာဖြစ်တာကြောင့် အစာကိုသေချာစွာဝါး၍ ဖြေးဆေးစွာ စားခြင်းဟာ အစာချေစနစ်ကို များစွာအထောက်အကူဖြစ်စေပါတယ်။ ထို့ပြင် ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေဟာလည်း အစောချေလမ်းကြောင်းကို ပိုမိုချောမွေ့စေပါတယ်။
1. ဒိန်ချဉ်
အူလမ်းကြောင်းတစ်လျှောက်မှာ အစာချေစနစ်ကို အကူအညီပေးတဲ့ဘက်တီးရီးယားပိုး သန်းပေါင်းများစွာရှိကြပြီး ဒိန်ချဉ်မှာလည်း ထိုဘက်တီးရီးယားပိုးများပါဝင်တာကြောင့် အစာချေခြင်းဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေရန် အားဖြည့်ပေးပါတယ်။
2. ကင်မ်ချီ (ကိုရီးယားချဉ်ဖတ်)
ကိုရီးယားအစားအသောက်တစ်မျိုးဖြစ်တဲ့ ကင်မ်ချီကို ဂေါ်ဖီထုပ်၊ မုန်လာဥနီ (သို့) ကြက်သွန်နီတွေနဲ့ ပြုလုပ်လေ့ရှိပါတယ်။ အဓိကပါဝင်ပစ္စည်းကတော့ ဂေါ်ဖီထုပ်ဖြစ်ပြီး အူမကြီးအတွင်းရှိ ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေပေါက်ပွားမှုကို အားပေးပါတယ်။ ဂေါ်ဖီထုပ်သည် အစာချေဖျက်လို့မရတဲ့ အမျှင်တစ်မျိုးဖြစ်တာကြောင့် အညစ်အကြေးတွေကိုစွန့်ထုတ်ပေးပြီး အူလှုပ်ရှားမှုကို စည်းချက်ကျမှန်ကန်စေပါတယ်။
3. အဆီနည်းတဲ့ အသားများနှင့်ငါး
အသားစားလိုပါက ကြက်သား၊ ငါးနဲ့ အခြားအဆီနည်းတဲ့ အသားတွေကို စားနိုင်ပါတယ်။ အနီရောင်အသားတွေဟာ အဆီပါဝင်မှုနှုန်းမြင့်မားတဲ့အပြင် အူမကြီးကင်ဆာဖြစ်နိုင်ချေ ကိုလည်း မြင့်တက်စေပါတယ်။
4. သဘာဝ ဆန်၊ ဂျုံနဲ့ အစေ့အနှံများ
အခွံမချွတ်ဘဲအနှံတွေနဲ့ ပြုလုပ်ထားတဲ့ပေါင်မုန့်၊ ကွေကာနဲ့ ဆန်လုံးညိုတို့သည် အမျှင်ဓာတ်များတဲ့အစားအစာတွေဖြစ်တာကြောင့် အစာချေခြင်းကိုများစွာအထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်သည် တစ်နေ့လျှင် အမျှင်ဓာတ် 20-30 ဂရမ်ခန့်လိုအပ်ပြီး သွေးတွင်းအဆီဓာတ်ကျဆင်းစေရန် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် အမြန်စားတဲ့အခါမှာ ဗိုက်ပွတာတွေ၊ လေထတာတွေဖြစ်နိုင် တာကြောင့် ဖြည်းဖြည်းစားသင့်ပါတယ်။ ထို့ပြင် အူလမ်းကြောင်းပြဿနာရှိသူတွေအနေနဲ့ ထိုအစေ့အနှံတွေကို ရှောင်ရှားသင့်ပါတယ်။
5. ငှက်ပျောသီး
ဝမ်းလျောနေပါက အူလမ်းကြောင်းကိုပုံမှန်ပြန်ဖြစ်စေရန် ငှက်ပျောသီးက အကူအညီပေးနိုင်ပါတယ်။ ဝမ်းသွားခြင်းကြောင့် ကုန်ဆုံးသွားတဲ့ ဆားဓာတ်နဲ့ အခြားဓာတ်တွေကိုငှက်ပျောသီးက ပြန်လည်ဖြည့်တင်းပေး တဲ့အပြင် အစာချေစနစ်ကို အထောက်အကူပြုတဲ့အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။
6. ဂျင်း
ဂျင်းသည် ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း၊ ကိုယ်ဝန်ဆောင်စဉ် မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ ဗိုက်အောင့်ခြင်းတွေကို သက်သာစေရန် နှစ်ပေါင်းများစွာကတည်းကအသုံးပြုခဲ့တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် ဂျင်းကိုအလွန်အကျွံစားသုံးမိရင်တော့ ရင်ပူတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
7. ဥအမျိုးမျိုး
ကြက်ဥအကာရော အနှစ်မှာပါ ဆားဓာတ်နဲ့ အသားဓာတ်တွေကြွယ်ဝစွာပါဝင် တာကြောင့် နှစ်မျိ်ုးလုံးကိုစားသင့်ပါတယ်။ ကြက်ဥဟာ ပိုပြီးအစာကြေလွယ်တယ်လို့ထင်ကြပေမယ့် ဘဲဥဟာလည်းကြက်ဥနည်းတူ အစာကြေလွယ်တဲ့အပြင် အာဟာရဓာတ်တွေလည်း ပိုမိုပါဝင်ပါတယ်။
ကိုယ်အလေးချိန်လျော့ချနေတဲ့အချိန်မှလွဲ၍ ကျန်အချိန်များတွင် အကာချည်းပဲရွေးစားတာထက်စာရင် ကြက်ဥတစ်လုံးလုံးကို စားသုံးခြင်းဟာ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါတယ်။
သတိထားရမှာကတော့ ကြက်ဥပြုတ်သည် အလွန်ပင်အစာကြေလွယ်သော်လည်း ကြက်ဥကြော်မှာကတော့ ဆီတွေပါဝင်တာကြောင့် အစာချေရန်အလွန်ပင် ခက်ခဲပါတယ်။
8. ကွေကာ
ကွေကာတစ်ခွက်ကို မနက်တိုင်းပုံမှန်သောက်သုံးခြင်းဖြင့် တစ်နေ့တာလုံးအစာချေပြဿနာတွေကို မခံစားရစေတော့ပါ။
ကွေကာမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာချေစနစ်ကိုများစွာအကူအညီပေး၍ သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေကာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုလည်း ရရှိစေနိုင်ပါတယ်။
အသင့်သောက်ကွေကာနဲ့ အနံ့အရသာတွေထည့်ထားတဲ့ ကွေကာများကိုရှောင်ကြဉ်၍ မိမိဘာသာဖျော်ထားသော ကွေကာထဲကို သဘာဝသစ်သီးများ၊ သကြားနဲ့ အခြားအစေ့အနှံတို့ကိုထည့်၍ သောက်သုံးနိုင်ပါတယ်။
မီးနည်းနည်းနဲ့ အကြာကြီးချက်ထားတဲ့ ကွေကာသည် အကောင်းဆုံးဖြစ်ပြီး အစာချေခြင်းကို အလွန်ပင်လွယ်ကူစေပါတယ်။
9. ထောပတ်သီး
ထောပတ်သီးရဲ့အသားဟာ အလွန်ပင်နူးညံ့ပါတယ်။ သတိပြုရန်မှာ အစာကိုကြေညက်အောင် ဝါးစားရန်ဖြစ်ပြီး ထိုအလေ့အထကိုဖြည်းဖြည်းချင်း မွေးမြူသင့်ပါတယ်။
ထို့ပြင် ထောပတ်သီးကို အသားဟင်းချက်ရာမှာ အနံ့အရသာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ထောပတ်သီးသည် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဆီဓာတ်၊ အမျှင်ဓာတ်နဲ့ ဆားဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အရည်ဖျော်၍သောက်သုံးခြင်းဟာ ပိုမိုအစောကြေလွယ်တယ်ဆိုပေမယ့်လည်း အရည်မဖျော်ဘဲလည်း သည်အတိုင်းစားနိုင်ပါတယ်။
Dr. Thizar Wynn















