/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်တွင်းရှိ-အက်ဆစ်ဓာတ်ကိုမြင့်မားစေသော-အကြောင်းအရာများ

အစာအိမ်တွင်းရှိ အက်ဆစ်ဓာတ်ကိုမြင့်မားစေသော အကြောင်းအရာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. အစာများများစားမိခြင်း

        တချိန်တည်းမှာအစာအများကြီးစားမိတာကြောင့် အစာအိမ်တွင်းမှာ အက်ဆစ်ဓာတ်တွေ အများကြီးပိုထွက်လာနိုင်ပါတယ်။ ဒါကြောင့် အစာကျေညက်မှုရှိစေရန် အစာကိုနည်းနည်းစီနှင့် မကြာခဏစားပေးပါ။ အစာစားပြီးနောက် 2 နာရီ 3 နာရီကြာသည်အထိ လဲလျောင်း၊ အိပ်စက်ခြင်းကို ရှောင်ရှားပါ။ အက်ဆစ်ဓာတ်ထွက်ရှိမှုကို အားပေးတဲ့အစားအစာတွေကတော့ အကြော်များ၊ အဆီများတဲ့အစားအစာများ၊ အချဉ်ဓာတ်ရှိတဲ့ သစ်သီး၊ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို အခြေခံပြီးပြုလုပ်ထားတဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။

2. နွားနို့                                                                        

        လူအများစုထင်ထားတာက နွားနို့ဟာ အစာအိမ်အတွက်အထောက်အကူဖြစ်တဲ့ အစားအစာဖြစ်တယ်ဆိုတာပါဘဲ။ သို့ပေမယ့် အိပ်ပျော်နေစဉ်အတွင်း အစာအိမ်တွင်း၌အက်ဆစ်ဓာတ်တွေပိုမိုထွက်ရှိလာစေတဲ့ အစားအစာတခုဖြစ်တယ်လို့ Healthcastle.com မှာ ဖော်ပြထားပါတယ်။ ဒါ့အကြောင့် တခါတရံညအချိန်တွင် နွားနို့သောက်ပါက ရင်ပူခြင်းကိုခံစားရတာဖြစ်ပါတယ်။

3. ကဖင်းဓာတ်ပါသော အရည်များ

        ကော်ဖီ၊ ဆော်ဒါရည် အပါအဝင် ကဖင်းဓာတ်ပါဝင်တဲ့အရည်အားလုံးက အစာအိမ်အတွင်းရှိ် အက်ဆစ်ကိုပိုမိုထွက်ရှိစေပါတယ်။

4. စိတ်ဖိစီးမှု

        အစာအိမ်ကိုဒုက္ခပေးတဲ့အရာတွေထဲမှာ စိတ်ဖိစီးမှုလည်း တခုအပါအဝင်ဖြစ်ပါတယ်။ အစာအိမ်အတွင်းရှိ အက်ဆစ်ဓာတ်ကိုပိုမိုမြင့်မားစေတာကြောင့် စိတ်ဖိစီးမှုကို အနိုင်ယူဖို့ကြိုးစားပါ။

5. ဆေးလိပ်သောက်ခြင်း

        ဆေးလိပ်သောက်သူတွေဟာ မကြာခဏဆိုသလို ရင်ပူတဲ့ဝေဒနာကို ခံစားရလေ့ ရှိပါတယ်။ ဆေးလိပ်သောက်ခြင်းက အစာရေမျိုအောက်ပိုင်းရှိ ရှုံ့ကြွက်သားကို ဖြေလျော့စေတာကြောင့် အစာအိမ်တွင်းရှိ အက်ဆစ်တွေအပေါ်ကိုဆန်တက်လာပြီး ရင်ပူတဲ့ဝေဒနာကို ခံစား ရတာဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အစာအိမ်အတွင်းမျက်နှာပြင်ကို မသက်မသာဖြစ်စေပါတယ်။

6. အရက်

        အရက်က အစာအိမ်အတွင်းမျက်နှာပြင်ကို မသက်မသာဖြစ်စေပြီး အစာအိမ်တွင်းရှိ အက်ဆစ်ဓာတ်ကို များစေပါတယ်။ အရက်ပမာဏအနည်းငယ်သောက်သုံးရုံမျှဖြင့် အက်ဆစ်တွေဟာ ခါတိုင်းထက်ပိုမိုထွက်ရှိလာမှာဖြစ်ပါတယ်။

7. အဝလွန်ခြင်း

        ဝမ်းဗိုက်တဝိုက်တွင် အဆီပိုတွေရှိနေခြင်း၊ ဝမ်းဗိုက်ကြပ်ထုတ်သောအဝတ်အစားများဝတ်ခြင်းကြောင့် ဝမ်းဗိုက်ပေါ်တွင် ဖိအားများသက်ရောက်ခြင်း စတာတွေကစားချဥ့်ပြန်ခြင်းကိုအားပေးပါတယ်။ ဒါ့ကြောင့် သင့်တင့်တဲ့ကိုယ်အလေးချိန် ထားရှိနိုင်အောင်ကြိုးစားလုပ်ဆောင်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ရင်ပူတဲ့ဝေဒနာကိုခံစားရလေ့ရှိပေမယ့် ကလေးမွေးပြီးတဲ့နောက်ပိုင်းမှာ သက်သာသွားပါတယ်။

        အစာအိမ်အတွင်းမှာ အက်ဆစ်တွေများခြင်းကြောင့် ရင်ပူတဲ့ဝေဒနာကို လူတော်တော်များများ ခံစားဖူးကြမှာပါ။ အက်ဆစ်ဓာတ်တွေများလာခြင်းက ရင်ပူခြင်းကိုသာမက အစာမကြေခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ လေပွခြင်းနှင့် အခြားသောအစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေ ပါတယ်။ နေထိုင်စားသောက်မှုပုံစံပြောင်းလဲလိုက်ခြင်းဖြင့် အစာအိမ်အတွင်းမှာ အက်ဆစ်တွေများနေတာ ကို လျော့ချနိုင်ပါတယ်။

Dr.Htet Htet Aung

www.drmyanmar.com