အစာအိမ်နဲ့အူလမ်းကြောင်း သွေးယိုခြင်းကြောင့် ဆေးကုသမှုခံယူပြီး သက်သာပျောက်ကင်းသောအခါ
အစာအိမ်နဲ့အူလမ်းကြောင်း သွေးယိုခြင်းဆိုတာ အစာရေမျို၊ အစာအိမ်၊ အူ၊ အစာဟောင်းအိမ်၊ စအို စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းရဲ့ ဘယ်အစိတ်အပိုင်းမဆိုမှာ သွေးထွက်တာကို ဆိုလိုတာပါ။ သွေးထွက်တာဟာ ပမာဏနည်းပြီး မပြင်းထန်တာကနေ ပမာဏ အရမ်းများပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ပါတယ်။ ရုတ်တရက်ကြီး ဖြစ်နိုင်သလို ဖြည်းဖြည်းချင်းစဖြစ်ပြီး အချိန်ကြာတဲ့အထိ ဖြစ်တတ်ပါတယ်။ အချိန်အကြာကြီး ဖြစ်နေမယ်ဆိုရင်တော့ နာတာရှည် အစာအိမ်နဲ့အူလမ်းကြောင်း သွေးထွက်ခြင်းလို့ ခေါ်ပါတယ်။
အစာအိမ်နဲ့အူလမ်းကြောင်းမှာ သွေးထွက်ခဲ့ရင် သွေးအန်ခြင်း၊ ဝမ်းသွားသွေးပါခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ သွေးအန်တာ၊ သွေးဝမ်းသွားတာဟာ သူ့ဘာသာသူ သက်သာသွားရင်ပဲဖြစ်ဖြစ် ဆေးရုံ၊ ဆေးခန်းပြပြီး ကုသမှုခံယူလိုက်လို့ သက်သာပျောက်ကင်းသွားရင်ပဲဖြစ်ဖြစ် ပျောက်ကင်းသွားပြီးရင် ပေါ့ပေါ့ဆဆမနေသင့်ဘဲ သေချာဂရုစိုက်သင့်ပါတယ်။
Kremil-S 1
>> အစာအိမ်နဲ့အူလမ်းကြောင်း သွေးယိုခြင်းကြောင့် ဆေးကုသမှုခံယူပြီး သက်သာပျောက်ကင်းတဲ့အခါ ဘာတွေကို လိုက်နာကြမလဲ?
ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း သေချာအနားယူပါ။ အလုပ်တွေ ဘယ်အချိန်မှာ ပြန်လုပ်ရမလဲဆိုတာကို ဆေးရုံမဆင်းခင်မှာ တစ်ခါတည်း ဆရာဝန်ကို မေးခဲ့ပါ။
အစားအသောက်ကို တစ်ခါစားရင် ပမာဏနည်းနည်းနဲ့ မကြာခဏ စားပေးပါ။ ကဖင်းနဲ့ စပ်တဲ့အစားအသောက်တွေကို တတ်နိုင်ရင် ရှောင်ပါ။ မရှောင်နိုင်ရင်လည်း ချင့်ချိန်ပြီးတော့ အနည်းငယ်သာ စားသောက်ပါ။ ရင်ပူစေတဲ့၊ ပျို့အန်စေတဲ့၊ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ အစားအသောက်တွေကို မစားပါနဲ့။
Kremil-S 2
မောခြင်း၊ အသက်ရှူရခက်ခြင်း၊ မေ့လဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မူးဝေပြီး မတ်တပ်မရပ်နိုင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးအန်ခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ဖောင်းလာခြင်း စတာတွေ ရှိလာခဲ့ရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး အရေးပေါ်ကုသမှု ခံယူပေးပါ။ ကတ္တရာစေးလို ဝမ်းအမည်းတွေသွားတာ၊ ပျို့အန်တာ၊ ရင်ပူတာတွေ ရှိလာခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ဆေးရုံမှာ ရက်ချိန်းပြန်ပြဖို့ရှိရင်လည်း သေချာပြန်ပြပေးပါ။ အူမကြီးမှန်ပြောင်းကြည့်ခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း စတာတွေ လုပ်ဖို့အတွက် ရက်ချိန်းပေးထားရင်လည်း သေချာသွားပြီး စစ်ဆေးမှုခံယူပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)
















