/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်ရောင်နေချိန်တွင်-အစားအသောက်ကို-ရက်အလိုက်-ဂရုတစိုက်စားနည်း

အစာအိမ်ရောင်နေချိန်တွင် အစားအသောက်ကို ရက်အလိုက် ဂရုတစိုက်စားနည်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နဂိုကတည်းကအစာအိမ်မကောင်သူတွေဟာ အစပ်များတဲ့အစားအစာ၊ ချဉ်လွန်းတဲ့အစာ၊ ဗိုက်ပွစေမယ့်အစာ၊ တော်ရုံအစာမကြေစေမယ့်အစာ စတဲ့အစာအိမ်က အစာရဲ့ဒဏ်ကို ကောင်းစွာခံနိုင်ရည်မရှိတဲ့အစားအစာတွေကို မစားသင့်ပါဘူး။ ယင်းကဲ့သို့ အစာတွေစုံလွန်းတာ၊ အစာစုံသွားခြင်းကြောင့် အစာအဆိပ်သင့်တာ၊ ကဖင်းပါတဲ့ ဖျော်ရည်တွေသောက်တာ၊ အကိုက်အခဲပျောက်ဆေးကိုပုံမှန်စွဲသောက်တာ၊ အရက်သောက်တာ စတဲ့အခြေခံအကြောင်းရင်းတွေကြောင့် အစာအိမ်ရောင်ရခြင်းဖြစ်ပါတယ်။ အစာအိမ်ရောင်နာဟာ မပြင်းထန်ဘူးဆိုရင် အစားအသောက်ကို ပြန်လည်ဂရုစိုက်ပေးရုံနဲ့ ေ၀ဒနာသက်သာသွားနိုင်တယ်ဆိုပေမယ့် အစားအသောက်ကို အဖြစ်သဘောမျိုး အနည်းအကျဉ်းပြုပြင်စားသောက်လိုက်ရုံသာ မလုပ်သင့်ပါဘူး။ မိမိစားတဲ့အစားအစာတိုင်းကို အသေးစိတ်စနစ်တကျ ဂရုစိုက်ပေးသင့်ပါတယ်။ ဥပမာအားဖြင့် အစာကြေလွယ်စေမယ့်အစာ၊ အရသာမစူးရှတဲ့အစာကိုရွေးချယ်စားရမှာဖြစ်ပြီး အစာစားတဲ့အခါမှာလည်း နည်းနည်းချင်းစီနဲ့ မကြာမကြာစားပေးရမှာဖြစ်တဲ့အပြင် ရေဓာတ်ကိုလည်း ဖြည့်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် အစာအိမ်နာနေချိန်မှာ ဘယ်လိုအစားအစာတွေကို အားပြုစားပေးသင့်လဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာထားသင့်ပါတယ်။

1.   အရည်ကြည်

            အရည်ကြည်ဆိုရာမှာ သစ်သီးဖျော်ရည်သောက်မယ်ဆိုပါကလည်း အသီးဖတ်တွေကိုစစ်ထုတ်ထားတဲ့ သစ်သီးအရည်ကြည်ကိုဆိုလိုခြင်းဖြစ်ပြီး အသီးရွေးချယ်တဲ့အခါမှာလဲ အချဉ်ဓာတ်ပြင်းတဲ့ ဖျော်ရည်တွေကို မသောက်သင့်ပါဘူး။ သောက်ရေသန့်၊ အားကစားသမားတွေသောက်တဲ့ အချိုရည်၊ ကဖင်းမပါတဲ့ဆော်ဒါ၊ ကဖင်းဓာတ်ဖယ်ထားတဲ့ လက်ဖက်ရည် (decaffeinated tea) ကိုလည်းသောက်လို့ရပါတယ်။ ရောဂါခံစားနေရတဲ့အချိန် 24 နာရီမှ 36 နာရီအတွင်း အရည်ကြည်တစ်မျိုးတည်းကိုသာ သောက်သင့်ပါတယ်။

2.   အနှစ်အရသာပြည့်၀တဲ့အရည်

            အနည်းဆုံးတစ်ရက်လောက် အရည်ကြည်သောက်လိုက်ပြီးလို့ ခံစားနေရတဲ့ေ၀ဒနာကို တိုးတက်ကောင်းမွန်လာပြီဆိုရင် အနှစ်ပါတဲ့ အစာကိုတဆင့်တိုးပြီးစားလို့ရပါပြီ။ အနှစ်ပါတဲ့ အရည်ဆိုရာမှာသစ်သီးဖတ်တွေကိုကြေနေအောင်ကြိတ်ခြေထားတဲ့ အသီးဖျော်ရည်၊ ကြက်စွပ်ပြုတ်ရည်၊ Cereal ကိုဆိုလိုခြင်းဖြစ်ပြီး အနှစ်သားပျော့တဲ့အသီးဖြစ်တဲ့ ငှက်ပျောသီးကိုလည်း စားလို့ရပါတယ်။ အစာအိမ်ရောင်နာဖြစ်တဲ့သူဟာ နွားနို့နှင့် နို့ထွက်ပစ္စည်းအစားအသောက်တွေစားတဲ့အခါ ၀မ်းလျှောခြင်း (lactose intolerance) ဖြစ်နိုင်တာကြောင့် နို့ထွက်အစားအစာတွေကို တစ်ပတ်၊ နှစ်ပတ်လောက်မစားဘဲနေသင့်ပါတယ်။

3.   ပျော့ပျောင်းတဲ့ အစားအစာ

            အနှစ်သာရပြည့်၀တဲ့အရည်ကို တစ်ရက်တာစားသောက်ပြီးနောက်မှာတော့ ပျော့ပျောင်းတဲ့အစာကို တဆင့်တိုးပြီးစားလို့ရပါပြီ။ ထမင်းပျော့ပျော့၊ ပေါင်မုန့်မီးကင်၊ Cereal ၊ ခရက်ကာမုန့်၊ အသီးအရွက်ကြော်၊ အာလူးပြုတ်၊ အာလူးထောင်း၊ ကြက်ဥပြုတ်၊ ကြက်ဥမွှေကြော်၊ ငါး၊ ကြက် စတဲ့နူးညံ့တဲ့အစားအစာတွေကိုစားပေးသင့်ပြီး အချဉ်၊ အစပ်ပါတဲ့အစာတွေ၊ အကြော်စာတွေနဲ့ အဆီများစာတွေကို ရှောင်ကျဉ်သင့်ပါတယ်။

4.   ပုံမှန်စားနေကျအစားအစာ

            ပျော့ပျောင်းတဲ့အစာကို တစ်ရက်၊ နှစ်ရက်လောက်စားပြီးနောက်မှာတော့ ပုံမှန်စားနေကျအစာကို ပြန်စားလို့ရပါပြီ။ ဒါပေမယ့် အစာအိမ်ရောင်ဖူးသူဟာ မိမိစားချင်တာမှန်သမျှကို စိတ်အလိုလိုက်ပြီး စားလို့မရပါဘူး။ စားချင်တာထက် စားသင့်တာကိုဦးစားပေးဖို့ အရေးကြီးပါတယ်။

 

CMS

www.drmyanmar.com