အစွန်းရောက်လူသား
Bipolar disorder လို့ခေါ်တဲ့ စိတ်ရောဂါဟာ စိတ်ခံစားမှုတွေ၊ အင်အား၊ လှုပ်ရှားမှုနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ လုပ်ကိုင်နိုင်စွမ်းတွေ ပုံမမှန်ပြောင်းလဲတတ်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီစိတ်ရောဂါဟာ စိတ်အတက်လွန်၊ အကျလွန် နှစ်ဖက်စွန်း ရောက်တတ်တာကြောင့် စိတ်နှစ်ဖက်စွန်းရောဂါ လို့လည်း ခေါ်ပါသေးတယ်။ ဒီလိုစိတ်အတက်အကျပြောင်းလဲဖို့ ၇ ရက်ကနေ ရက်သတ္တပတ်များစွာထိ ကြာနိုင်ပါတယ်။
ဒီရောဂါကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရများပါတယ်။ အသက် ၂၅ နှစ်ဝန်းကျင်လောက်မှာ ဖြစ်တတ်ပြီး အမျိုးသားတွေမှာ ဒီ့ထက်ငယ်ငယ်ကတည်းက ဖြစ်တတ်ပါတယ်။
>> စိတ်နှစ်ဖက်စွန်းရောဂါ ဘာကြောင့်ဖြစ်ရတာလဲ?
ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်း အတိအကျမသိရပေမယ့် ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောဆက်သွယ်ပစ္စည်းတွေ ပုံမမှန်ဖြစ်နေတာကြောင့် လို့ဆိုကြသလို တချို့ကလည်း ဦးနှောက်ပုံသဏ္ဌာန်ပြောင်းလဲမှုတွေကို တွေ့ရတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒီတွေ့ရှိချက်တွေဟာ တိကျသေချာတဲ့ အဖြေကိုတော့ မပေးနိုင်ကြသေးပါဘူး။
>> ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ?
မိသားစုရောဂါရာဇဝင် : မိသားစုထဲ (အထူးသဖြင့် အဖေ အမေ၊ ညီအစ်ကိုမောင်နှမတွေမှာ) ဒီရောဂါဖြစ်ခဲ့ဖူးတဲ့ ရာဇဝင်ရှိရင် ပိုဖြစ်နိုင်ပါတယ်။
မျိုးရိုးဗီဇ : တချို့မျိုးရိုးဗီဇ ပါသူတွေမှာ ပိုဖြစ်တတ်တယ်လို့ ဆိုကြပေမယ့် ဂဃနဏတော့ မသိရပါဘူး။
>> ဘာတွေဖြစ်နိုင်သလဲ?
အပေါ်မှာပြောခဲ့သလိုပဲ စိတ်အပြောင်းအလဲများတဲ့ ရောဂါလက္ခဏာတွေနဲ့ လာပါလိမ့်မယ်။ စိတ်အကြွလွန်ခြင်း၊ အကျလွန်ခြင်းတွေအပြင် စိတ်ခံစားမှုပြောင်းလဲမှုများ၊ အိပ်ချိန်ပြောင်းလဲမှုများ စတာတွေနဲ့လည်း လာတတ်ပါသေးတယ်။
အခြားလက္ခဏာရပ်တွေကတော့ -
>> စိတ်အကြွလွန်နေသူတွေမှာ ဖြစ်တတ်တဲ့လက္ခဏာများ
● အလွန်အမင်း စိတ်တက်ကြွနေခြင်း
● အားအင်ရှိနေခြင်း
● လှုပ်ရှားမှုများခြင်း
● တစ်ချိန်လုံး အငြိမ်မနေနိုင်ခြင်း
● အိပ်မပျော်ခြင်း
● ပုံမှန်ထက် ပိုတက်ကြွနေခြင်း
● အကြောင်းအရာအမျိုးမျိုးကို အဆက်မပြတ် မြန်မြန်ပြောခြင်း
● ဆတ်ဆတ်ထိမခံ ဖြစ်နေခြင်း
● အတွေးယဉ်ကြော မြန်ဆန်ခြင်း
● ကိုယ့်ကိုယ်ကို တစ်ပြိုင်တည်း အကုန်လုပ်နိုင်တယ်လို့ထင်ခြင်း
● ဘေးများတဲ့အရာတွေကို မကြောက်မလန့်လုပ်ခြင်း (ပိုက်ဆံ အများကြီးဖြုန်းပစ်ခြင်း၊ အကာအကွယ်မယူဘဲ လိင်ဆက်ဆံခြင်း)
>> စိတ်ကျလွန်နေသူတွေမှာဖြစ်တတ်တဲ့လက္ခဏာများ
● စိတ်ညစ်နေခြင်း၊ ဟာတာတာဖြစ်ခြင်း၊ စိတ်အားငယ်ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း
● ခွန်အားနည်းပါးနေခြင်း
● မလှုပ်ချင်၊ မကိုင်ချင်ဖြစ်ခြင်း
● အအိပ်အနေ ပြောင်းလဲခြင်း (အအိပ်နည်းခြင်း သို့မဟုတ် အအိပ်လွန်ခြင်း)
● ဘာကိုမှ စိတ်မဝင်စားခြင်း
● စိတ်ပူပန်နေခြင်း
● စိတ်အာရုံစူးစိုက်မရခြင်း
● အမေ့လွန်ခြင်း
● အစားအသောက်အစားများခြင်း၊ အစားနည်းခြင်း
● ပင်ပန်းနွမ်းနယ်နေခြင်း၊ နှေးကွေးနေခြင်း
● သေခြင်းတရားကို စဉ်းစားနေခြင်း၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားခြင်း
ဒီလိုရောဂါလက္ခဏာတွေဟာ ဆေးတွေ၊ အရက်တွေနဲ့ စိတ်ထိခိုက်စရာ အကြောင်းအရာတွေ (ဥပမာ - ချစ်ခင်ရသူတစ်ယောက်ယောက် ဆုံးပါးခြင်း) နဲ့ စိတ်ဖိစီးမှုများတဲ့အခါမျိုးမှာ ပေါ်လာတတ်ပါတယ်။
>> ရောဂါရှိကြောင်း ဘယ်လိုပြောနိုင်မလဲ?
ဒီရောဂါကို သိနိုင်ဖို့ စိတ်အကဲခတ်လေ့လာမှုတွေနဲ့ စိတ်ခံစားမှုတွေကို ဇယားဆွဲကြည့်ခြင်းဖြင့် သိနိုင်ပြီး အခြားရောဂါတွေကို ဖယ်ထုတ်နိုင်ဖို့အတွက် စမ်းသပ်မှုတွေ ပြုလုပ်ရပါမယ်။
>> ဘယ်လိုကုသကြမလဲ?
ဆေးသောက်ခြင်းနဲ့ စိတ်ရောဂါကုထုံးတွေပေါင်းပြီး လူနာကို အကြံပေးလမ်းပြကုသရပါမယ်။ ကုသမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ စိတ်အပြောင်းအလဲဖြစ်ခြင်းကို တတ်နိုင်သမျှ နည်းအောင်လုပ်ပြီး လူနာရဲ့စိတ်ကို ငြိမ်သက်မှုရရှိအောင် ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။
ပေးရတဲ့ ဆေးအမျိုးအစားတွေကတော့ -
● စိတ်ငြိမ်ဆေးများ
● စိတ်ရောဂါဆေးများ
● စိတ်ဓာတ်ကျရောဂါဆေးများ
● စိတ်ပူပန်ခြင်း သက်သာစေတဲ့ဆေးများ စတာတွေပဲ ဖြစ်ပါတယ်။
စိတ်အစွန်းရောက်ရောဂါကို ကုသရာမှာ ကြည့်ရှုစောင့်ရှောက်တဲ့ မိသားစုဝင်တွေနဲ့ ကုသတဲ့ဆရာဝန် ပူးပေါင်းလုပ်ဆောင်ရပါမယ်။ ဆေးပမာဏကို အတိုးအလျော့လုပ်ဖို့ လိုအပ်သလို ကိုက်ညီမှုရှိမယ့် အသိစိတ်ပြောင်းလဲကုထုံး၊ ကိုယ့်ကိုယ်ကိုရော့ တစ်ပါးသူတွေနဲ့ပါ အဆင်ပြေပြေ နေနိုင်အောင် ကူညီပေးတဲ့ကုထုံး၊ လျှပ်စစ်ကုထုံး စတဲ့ ကုထုံးတွေနဲ့ ကုသဖို့လည်း လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















