အတုယူရမယ့် တောင်ကိုရီးယားနိုင်ငံရဲ့ ကိုဗစ် ကပ်ရောဂါထိန်းချုပ်မှု နည်းလမ်းများ
ဥရောပတိုက်ကြီးဟာ Covid-19 ဒဏ်ကို အခံရဆုံးနေရာတစ်ခု ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံနှင့် အခြားအင်အားကြီးနိုင်ငံများဟာလည်း Covid-19 ဒဏ်ကို အလူးအလဲခံနေရပါတယ်။ ဒီလိုအခြေအနေဆိုးတွေ ဖြစ်ပေါ်နေတဲ့ကြားမှာ တောင်ကိုရီးယားနိုင်ငံကတော့ အခြေအနေများစွာ ကောင်းမွန်နေလျက်ရှိပါတယ်။ ဒီလိုကောင်းမွန်မှုရဲ့ နောက်ကွယ်ကအချက်ကတော့ တောင်ကိုရီးယားဟာ ရောဂါစစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိရောက်မှုအရှိဆုံး လုပ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ရောဂါကူးစက်သူများကို စနစ်တကျ သီးသန့်ထားရှိခြင်း၊ ရောဂါကွင်းဆက်ရှာဖွေခြင်းနှင့် ထိတွေ့သူများကို quarantine ထားခြင်းကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။
>> MERS ကပေးသော သင်ခန်းစာများ
တောင်ကိုရီးယားနိုင်ငံဟာ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားအမျိုးသားတစ်ဦး စတင်သယ်ဆောင်လာခဲ့တဲ့ MERS (Middle East Respiratory Syndrome) လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသက စတင်တဲ့ အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပေါ်ခဲ့စဉ်ကအခြေအနေကို အတုယူခဲ့တာ ဖြစ်ပါတယ်။ ဒီအမျိုးသားကို MERS positive အဖြေမထွက်ခင်မှာ တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ (၃) နေရာတွင် သီးသန့်ထားပြီး ကုသမှုများ ပြုလုပ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ သူကနေတစ်ဆင့် ကူးစက်သူ ၁၈၆ ဦး ရှိလာပြီး သေဆုံးသူ ၃၆ ဦး ရှိခဲ့ပါတယ်။ ထိုကူးစက်ခံရသူတွေဟာ အခြားရောဂါများနှင့် ဆေးရုံတက်နေသူများ၊ လူနာလာမေးသူများနှင့် ဆေးရုံဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ လူပေါင်း ၁၇၀၀၀ နီးပါးကို ရောဂါကွင်းဆက်များရှာဖွေခြင်း၊ သံသယလူနာများ အားစစ်ဆေးခြင်းနှင့် quarantine ထားရှိခြင်းများ ပြုလုပ်ပြီးနောက် ၂ လအကြာမှာတော့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံအနေနှင့် ဒီအတွေ့အကြုံကို နမူနာယူပြီး ဓာတ်ခွဲခန်းစမ်းသပ်မှုဟာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါကို ထိန်းချုပ်ဖို့ရာ မရှိမဖြစ်အရေးပါကြောင်း သိရှိခဲ့ရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထွက်ပေါ်လာပြီးနောက်မှာ ကိုရီးယားနိုင်ငံ ရောဂါရှာဖွေရေးနှင့် ကာကွယ်ရေးစင်တာများက ရောဂါစစ်ဆေးမှုများ ပြုလုပ်နိုင်မယ့် စမ်းသပ်ပစ္စည်း (test kits) များကို စတင်ထုတ်လုပ်ဖို့အတွက် ထုတ်လုပ်သူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးစစ်ဆေးမှုကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင်ခဲ့ပြီးနောက် ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အနည်းငယ် တွေ့ရှိလာခဲ့ပါတယ်။ ၁၁ ရက်ကြာပြီးနောက်တွင်တော့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးဟာ Case နံပါတ် ၃၁ အဖြစ် ပေါ်ပေါက်ခဲ့ပါတယ်။ သူမဟာ နေမကောင်းဖြစ်နေစဉ်မှာ ဘာသာရေးပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ထိုဘာသာရေးပွဲမှာ လူ ငါးရာကျော်ဟာ ၂ နာရီနီးပါးလောက်ကို ပခုံးချင်းကပ်ထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ထပ် ၂၁ ရက်အကြာမှာတော့ ပိုးကူးစက်သူပေါင်း ၂၉၀၀ ကျော်ကို တွေ့ရှိခဲ့ရပြီး ဒီအနက်အများစုကတော့ ထိုဘာသာရေးပွဲကို တက်ရောက်ခဲ့သူတွေပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာတော့ ကိုရီးယားနိုင်ငံတွေ ရောဂါကူးစက်ခံရသူ အသစ် ၉၀၀ ခန့်ရှိခဲ့ပြီး စုစုပေါင်း ၃၁၅၀ ဦး တွေ့ရှိနေပါပြီ။ ဒါဟာ တရုတ်နိုင်ငံပြီးရင် အများဆုံးဖြစ်ပွားတဲ့နိုင်ငံ ဖြစ်လာပါတယ်။ ဒီအခြေအနေက စစ်ဆေးနိုင်တဲ့စွမ်းအားကိုပါ ဖုံးလွှမ်းသွားခဲ့ပါတယ်။ ရောဂါကွင်းဆက်လိုက်သူများဟာလည်း ဘာသာရေးပွဲက နောက်ဆက်တွဲလူများကိုသာ အလေးထား စစ်ဆေးလျက်ရှိခဲ့ပြီးနောက် ထိုအထဲက အသက်ရှူလမ်းကြောင်းပြဿနာများ တွေ့ရသူ ၈၀ ရာနှုန်းခန့်ဟာ positive အဖြေထွက်ခဲ့ပါတယ်။
● ရောဂါကူးစက်ခံရဖို့ အလားအလာ အမြင့်မားဆုံးလူတွေကိုတော့ ဆေးရုံမှာ ပထမဦးစားပေးအနေနှင့် ထားရှိခဲ့တယ်လို့ ကိုရီးယားတက္ကသိုလ်က ကပ်ရာဂါပညာရှင်က ပြောကြားခဲ့ပါတယ်။ သာမန်လက္ခဏာများသာ ခံစားရသူတွေကိုတော့ စောင့်ကြည့်ဌာနများတွင်ထားပြီး လိုအပ်တဲ့ကုသမှုများ ပေးခဲ့ပါတယ်။ ပြန်လည်သက်သာလာပြီး နှစ်ကြိမ်မြောက် negative အဖြေထွက်သူတွေကိုတော့ ဆေးရုံဆင်းခိုင်းခဲ့ပါတယ်။ ရောဂါရှိသူများနှင့် အနီးကပ် တွေ့ဆုံခဲ့သူများနှင့် လက္ခဏာအပျော့စားများသာ ပြသသူများကိုတော့ ၂ ပတ်ခန့် self-quarantine လုပ်ခိုင်းခဲ့ပါတယ်။ ဒီလိုလုပ်နေစဉ်မှာ စောင့်ကြည့်အဖွဲ့တွေဟာ တစ်နေ့ကို ၂ ကြိမ် ဖုန်းခေါ်ပြီး အခြေအနေကို မေးမြန်းပါတယ်။
● ဒီလိုကြိုးပမ်းမှုများနှင့်အတူ ခပ်ခွာခွာနေဖို့ နည်းစဉ်များကိုပါ ချမှတ်လုပ်ဆောင်ခဲ့ပြီးနောက် ၂ ပတ်အကြာမှာတော့ အသစ်ကူးစက်ခံရသူဦးရေ လျော့ကျသွားခဲ့ပါတယ်။
● အစိုးရကနေ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့၊ လူစုလူဝေးရှောင်ဖို့၊ လုပ်ငန်းခွင်မှာ လူစုဝေးခြင်း မပြုလုပ်ဖို့နှင့် ဘာသာရေးပွဲများကိုမသွားဘဲ အွန်လိုင်းကတစ်ဆင့် ဝတ်ပြုဖို့ို တစ်နိုင်ငံလုံးကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
● ဖျားနေသူများနှင့် အသက်ရှူလမ်းကြောင်းပြဿနာရှိသူတွေကိုလည်း အိမ်မှာ ၃-၄ ရက်ခန့်နေပြီး အခြေအနေကို စောင့်ကြည့်ခိုင်းခဲ့ပါတယ်။
● တောင်ကိုရီးယားအစိုးရအနေနှင့် နောက်ထပ် အစုလိုက်အပြုံလိုက် ကူးစက်မှုများကိုလည်း အထက်ပါအတိုင်း လုပ်ဆောင်ဖို့ ပြင်ဆင်ထားပြီး တစ်နိုင်ငံလုံးစစ်ဆေးမှုအနေနှင့်လည်း တစ်နေ့ကို ၁၅၀၀၀ ခန့် စစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ စစ်ဆေးမှုစင်တာ ၄၃ ခု ရှိပြီဖြစ်ပြီး ဒီကြိုးပမ်းမှုကို အမေရိကန်၊ ကနေဒါနှင့် အင်္ဂလန်နိုင်ငံများကပါ အတုယူနေကြပါတယ်။
● မတ်လ ပထမပတ်မှာတော့ quarantine လုပ်နေသူများနှင့် ရောဂါလက္ခဏာတွေကို မှတ်တမ်းတင်ထားနိုင်မယ့် application တစ်ခုကို ကြေညာခဲ့ပါတယ်။
● တောင်ကိုရီးယားနိုင်ငံဟာ စနစ်တကျ လုပ်ဆောင်ချက်များနှင့်အတူ ရောဂါကူးစက်ခံရသူဦးရေကို လျော့နည်းအောင် ဆောင်ရွက်ခဲ့ပြီးနောက် သေဆုံးနှုန်းလည်း မမြင့်မားသောနိုင်ငံတစ်ခု ဖြစ်လာပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















