/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အပူရှပ်ခြင်းနဲ့-ရှေးဦးသူနာပြုကုထုံးများ

အပူရှပ်ခြင်းနဲ့ ရှေးဦးသူနာပြုကုထုံးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အပူရှပ်တယ်ဆိုတာ ကိုယ်ခန္ဓာအပူချိန်ဟာ ရုတ်တရက် တစ်ဟုန်ထိုးတက်လာပြီး အေးသွားအောင် ဘယ်လိုမှမထိန်းနိုင်တဲ့အခြေအနေကို ခေါ်ပါတယ်။ ဦးနှောက်နဲ့ တခြားကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်နိုင်တာမို့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ပူပူလောင်လောင်အခြေအနေမှာ လှုပ်လှုပ်ရှားရှား ပြင်းပြင်းထန်ထန် လုပ်မိလို့သော်လည်းကောင်း၊ အပူထဲ အချိန်အကြာကြီး နေမိလို့သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
အပူရှပ်ခြင်းဟာ တခြားအပူလွန်ကဲခြင်းပြဿနာဖြစ်တဲ့ heat exhaustion အပူလွန်ကဲခြင်း စတာတွေ မဖြစ်ဘဲလည်း ဖြစ်နိုင်ပါတယ်။

>>  အပူရှပ်ခြင်းရဲ့လက္ခဏာတွေကတော့ -
●  အပူချိန် ၁၀၄° နဲ့ အထက်တက်ခြင်း
●  စိတ်အခြေအနေပြောင်းလဲခြင်း (ဥပမာ - စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ အာလေးလျှာလေးဖြစ်ခြင်း)
●  အရေပြား ပူပြီးခြောက်သွေ့ခြင်း၊ ချွေး မတရားထွက်ခြင်း
●  ပျို့ချင်၊ အန်ချင်ခြင်း
●  သွေးခုန်နှုန်းမြန်လာခြင်း
●  အသက်ရှူမြန်လာခြင်း
●  ခေါင်းကိုက်ခြင်း
●  မူးလဲခြင်း (အသက်ကြီးသူတွေမှာ ပထမဆုံးလက္ခဏာအနေနဲ့ လာနိုင်ပါတယ်။)

>>  အရေးပေါ်ကို ခေါ်ပါ။
ဒီလိုလက္ခဏာတွေ ဖြစ်လာပြီဆိုရင် အရေးပေါ်ကား ခေါ်ပါ။ ပြီးရင် လူနာကိုအရိပ်၊ အေးတဲ့နေရာကို ချက်ချင်းရွှေ့ပြီး အဝတ်အစား အပိုတွေကို ချွတ်၊ အေးအောင် ချက်ချင်းလုပ်ပါ။ အေးအောင်လုပ်ဆိုရာမှာ -
●  ရေအေးအေးထဲ စိမ်စေတာ
●  ရေပိုက်နဲ့ဖြန်းပေးတာ
●  ရေအေးဝတ်တိုက်တာ
●  ရေငွေ့ပေးပန်ကာခံတာ
●  လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံမှာ ရေခဲကပ်တာ
●  ရေအေးတဘတ်နဲ့ ပတ်ထားတာ စတာတွေ လုပ်ပေးနိုင်ပါတယ်။

>>  ရေသောက်နိုင်ရင် ရေတိုက်ပေးပါ။
သကြားပါတဲ့၊ ကဖိန်းဓာတ်ပါတဲ့၊ အရက်ပါတဲ့ သောက်စရာ မတိုက်ပါနဲ့။ ဗိုက်အောင့်စေနိုင်တာမို့ ရေ အရမ်းအေးတာမျိုး မတိုက်ပါနဲ့။
သတိမေ့သွားပြီး အသက်ရှူတာ၊ ချောင်းဆိုးတာ၊ လှုပ်ရှားတာ စတဲ့ အသက်ရှင်တဲ့လက္ခဏာမျိုး မရှိတော့ရင် အသက်ကယ် CPR နှလုံးဖိထားမျိုး ချက်ချင်းလုပ်ဆောင်ပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)