အဖြစ်အများဆုံး အဆစ်ရောင်ရောဂါများအကြောင်း
မနက်မိုးလင်းတိုင်း ခြေဆစ်လက်ဆစ်တွေ တောင့်တင်းနာကျင်နေတာမျိုး ခံစားနေရပါသလား။ အချို့သော အဆစ်ရောင်ရောဂါတွေဟာ မျိုးရိုးကြောင့်ဖြစ်နိုင်သလို အသက်ကြီးသူတွေနှင့် အမျိုးသမီးတွေမှာတော့ ပိုမိုအဖြစ်များတတ်တာ တွေ့ရပါတယ်။ အဝလွန်သူများနှင့် ထိခိုက်ဒဏ်ရာရဖူးသူတွေမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ အခုဆောင်းပါးလေးမှာတော့ အဖြစ်များတဲ့ အဆစ်ရောင်ရောဂါများအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
Jointace 1
1. အရိုးအဆစ်ရောင်ခြင်း
● အဖြစ်အများဆုံး အဆစ်ရောင်ရောဂါဖြစ်ပြီး အရိုးတစ်ခုနှင့်တစ်ခု ကြိတ်မိရာကနေ အရိုးတွေကို ကာကွယ်ထားသော အရိုးနုများ ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်ရပါတယ်။
● ဒူး၊ တင်ပါး၊ ခြေထောက်နှင့် ခါးရိုးဆစ်နေရာများမှာ နာကျင်တောင့်တင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။
● ဒဏ်ရာတစ်ခုခု၊ ပိုးဝင်ခြင်း တစ်ခုခုကြောင့် ရုတ်တရက် ဖြစ်ပေါ်တတ်သလို နှစ်ပေါင်းများစွာ ဒဏ်ဖြစ်ခဲ့ ခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။
● နာကျင်ခြင်းနှင့်အတူ လှုပ်ရှားမှုပြုလုပ်မရခြင်း၊ မနက်အိပ်ရာထရင် တောင့်တင်းနေခြင်း၊ လမ်းလျှောက်ရာတွင် နာကျင်ခြင်းတို့နှင့် ဒူးဆစ်များကွေးတဲ့အချိန်တွင် တဂျွတ်ဂျွတ်မြည်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
2. လေးဖက်နာကြောင့် အဆစ်ရောင်ခြင်း
● ကိုယ်ခန္ဓာကနေ မိမိကိုယ်ခံအားကို ပြန်လည်တိုက်ခိုက်သော Autoimmune ရောဂါတစ်မျိုး ဖြစ်ပါတယ်။
● ကိုယ်ခံအားစနစ်ကနေ အရိုးတွေကို တိုက်ခိုက်ခြင်းကြောင့် အဆစ်များရောင်ရမ်းပြီး နာကျင်ဖောင်းကားခြင်း ဖြစ်ပေါ်စေပါတယ်။
● ခြေဖနောင့်၊ တံတောင်ဆစ်၊ လက်ဆစ်များတွင် အဖြစ်များတတ်ပါတယ်။ အဆစ်များ နာကျင်ရောင်ရမ်းခြင်းအပြင် အရေပြားပေါ်တွင် အလုံးများဖြစ်ပေါ်တတ်ပြီး ရက်များစွာထိ ကြာမြင့်တတ်ပါတယ်။
Jointace 2
3. ဆိုရီယေးတစ် အဆစ်ရောင်ခြင်း
● ဖြစ်စေသောအကြောင်းရင်းကို အတိအကျမသိရသော်လည်း လေးဖက်နာအဆစ်ရောင်ကဲ့သို့ ကိုယ်ခန္ဓာကနေ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်သောရောဂါတစ်ခု ဖြစ်ပါတယ်။
● အဆစ်များအပြင် အရေပြားကိုပါ ထိခိုက်စေတတ်ပါတယ်။
● အဆစ်များ နာကျင်ခြင်း၊ ဖောင်းခြင်း၊ နီရဲခြင်း၊ ပင်ပန်းခြင်း၊ မျက်စိပြဿနာများ၊ အရေပြားအနီကွက်များ၊ လက်သည်းပြောင်းလဲခြင်းများ၊ လက်ချောင်းခြေချောင်းများတွင် နာကျင်ဖောင်းကားခြင်းများ ဖြစ်ပေါ်စေပါတယ်။
4. အခြားသော အဆစ်ရောင်ရောဂါများ
● ဂေါက်ရောဂါ၊ ကျီးပေါင်း၊ လက်ကောက်ဝတ်အာရုံကြောရောင်ရမ်းနာ (Carpal Tunnel Syndrome) အရိုးကြားရှိ လေအိတ်များနာခြင်းစတဲ့ အခြားသောအဆစ်ရောင်ရောဂါများလည်း ရှိပါတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်းဟာ လူကြီးလူငယ်မရွေး ဖြစ်တတ်ပေမယ့် အသက်ကြီးသူတွေအနေနှင့် ပိုအဖြစ်များတာ တွေ့ရပါတယ်။ စောစောစီးစီးကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကိုပါ ကာကွယ်နိုင်မှာဖြစ်လို့ အဆစ်များ နာကျင်တောင့်တင်းနေပါက ဆရာဝန်နှင့်ပြသတိုင်ပင်ဖို့ အကြံပေးလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















