/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဖြစ်အများဆုံး-အမြင်အာရုံဆိုင်ရာ-ပြဿနာ-5-မျိုးကို

အဖြစ်အများဆုံး အမြင်အာရုံဆိုင်ရာ ပြဿနာ 5 မျိုးကို ကြိုတင်ကာကွယ်နည်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမြင်အာရုံနဲ့ ပတ်သက်ပြီး ဘာမှမဖြစ်ခင်မှာ ကြိုတင်ကာကွယ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ အောက်ပါတို့ကတော့ အမြင်အာရုံကို ထိခိုက်နိုင်တဲ့ ဖြစ်လေ့ဖြစ်ထ အများဆုံးအခြေအနေ 5 ခုနှင့် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။

 

(1)    အတွင်းတိမ်

        ပြဿနာ - မြင်ကွင်းမှာရှိတဲ့ အရာ၀တၳုမှ အလင်းတန်းတွေဟာ မျက်စိမှန်ဘီလူးကိုဖြတ်၍ မြင်လွှာရှိ အလင်းအာရုံကိုသိတဲ့ ဆဲလ်တွေဆီသို့ ရောက်ပါတယ်။ တိမ်ရှိတဲ့အခါမှာ မျက်စိမှန်ဘီလူးဟာ နောက်ကျိလာတာကြောင့် မြင်ကွင်းေ၀ဝါးခြင်း၊ အလင်းရောင်ကို ကောင်းစွာမခံနိုင်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

        ကာကွယ်ရန် နည်းလမ်းများ - ခရမ်းလွန်ရောင်ခြည် A နှင့် B ကို ကာကွယ်နိုင်တဲ့ နေကာမျက်မှန်များကို ၀တ်ဆင်၍ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ သွေးပေါင်ချိန်ကို ထိန်းညှိခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနဲ့ ဆီးချိုရောဂါကို ကောင်းစွာကုသမှု ခံယူခြင်းတို့ ပြုလုပ်ရန်လည်း အရေးကြီးပါတယ်။

 

(2)    ဆီးချိုရောဂါကြောင့် အမြင်အာရုံခံလွှာ ယိုယွင်းပျက်စီးခြင်း

        ပြဿနာ - မျက်စိရဲ့အမြင်အာရုံခံလွှာဆိုတာ အလင်းကို ဦးနှောက်မှသိနိုင်စွမ်းတဲ့ အချက်ပေးပုံစံအဖြစ် ပြောင်းလဲပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဆီးချိုရောဂါ ဖြစ်တဲ့အခါမှာ မြင်လွှာဖောင်းလာကာ သွေးကြောများ ပေါက်ခြင်းကြောင့် အမြင်အာရုံ ချို့ယွင်းခြင်း၊ နာကျင်ခြင်း၊ ဖိအားတို့ကို ခံစားရနိုင်ပါတယ်။

        ကာကွယ်ရန် နည်းလမ်းများ - အမြင်အာရုံ ချို့ယွင်းခြင်းမှ ကာကွယ်ရန်နှင့် ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ အမြင်လွှာပျက်စီးခြင်းကို နှေးကွေးစေရန် တစ်နှစ်တစ်ခါ ပုံမှန်မျက်စိ စစ်ဆေး၍ ကုသမှုခံယူသင့်ပါတယ်။ သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

 

(3)    မျက်စိအမြင်အာရုံကို စုစည်းထားသောနေရာ ပျက်စီးခြင်း

        ပြဿနာ - အလင်းကို သိမှတ်နိုင်တဲ့ဆဲလ်တွေဟာ အမြင်အာရုံခံလွှာရဲ့ အလယ်တည့်တည့်မှာရှိပြီး အလယ်ဗဟိုမြင်ကွင်းလို့ ခေါ်ပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ စုစည်းထားတဲ့နေရာ ပျက်စီးခြင်းမှာဆိုရင် တစ်သျှူးများ ပျက်စီးခြင်း၊ သွေးကြောများ အသစ်ဖြစ်ပေါ်လာခြင်းကြောင့် မျက်နှာများကို ကြည့်ရှုခြင်း၊ စာဖတ်ခြင်း၊ ကားမောင်းခြင်းနဲ့ အခြားအရာများကို ပြုလုပ်ရာတွင် အခက်အခဲတွေ့လာနိုင်ပါတယ်။

        ကာကွယ်ရန် နည်းလမ်းများ - ဆေးလိပ်သောက်ခြင်းဟာ အမြင်အာရုံ စုစည်းထားတဲ့နေရာ ပျက်စီးခြင်းကို နှစ်ဆ ပိုဆိုးစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သွေးပေါင်ချိန် ထိန်းညှိခြင်း၊ သွေးတွင်းအဆီဓာတ် မတက်အောင် ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ထို့ပြင် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များနဲ့ ငါးတို့ကို ပိုစားပေးဖို့ လိုပါတယ်။

 

(4)    ရေတိမ်

        ပြဿနာ - မျက်စိအတွင်းမှာရှိတဲ့ နေရာလွတ်တွေမှာရှိတဲ့ အရည်ဟာ ပုံမှန်ထက် ပိုမိုများပြားနေပါက အမြင်အာရုံနဲ့ဆိုင်တဲ့ နာဗ်အာရုံကြောကို ပျက်စီးစေတာကြောင့် ဘေးဘက်မြင်ကွင်းတွေ စတင်ေ၀ဝါးလာကာ တဖြည်းဖြည်းနဲ့ အလယ်ဗဟိုမြင်ကွင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။

        ကာကွယ်ရန် နည်းလမ်းများ - အမြင်အာရုံဆုံးရှုံးမှုမှ ကာကွယ်ရန် မျက်စိအတွင်း၌ ဖိအားမများနေစေဖို့ မျက်စိအထူးကုဆရာ၀န်ထံမှ အကြံဉာဏ် ရယူသင့်ပါတယ်။

 

(5)    မျက်မှန်လို၍ မျက်စိမှုန်ခြင်း

        ပြဿနာ - မျက်လုံးအိမ်၊ မျက်ကြည်လွှာနဲ့ မှန်ဘီလူးတို့ဟာ အလင်းတန်းတွေ မျက်စိမြင်လွှာမှာစုပြီး တည့်တည့်ကျဖို့အတွက် အနေအထားမှန်ဖို့ လိုပါတယ်။ အကယ်၍ ထိုကဲ့သို့ အလင်းယိုင်ခြင်းဖြစ်စဉ် ကောင်းစွာမဖြစ်ပါက မြင်ကွင်းတွေဟာ ေ၀ဝါးနေပါလိမ့်မယ်။

          မျက်စိမှုန်ရခြင်းမှာ အလင်းတန်းတွေဟာ အလင်းယိုင်တာမဖြစ်တဲ့အပြင် မြင်လွှာမှာလည်း တည့်တည့်မကျလို့ ဖြစ်ပါတယ်။

•        အေ၀းမှုန်ခြင်း - မြင်လွှာရဲ့ရှေ့မှာ အလင်းတန်းတွေ စုဆုံသွားလို့ပဲ ဖြစ်ပါတယ်။

•        အနီးမှုန်ခြင်း - မြင်လွှာကို ကျော်ပြီးမှ အလင်းတန်းတွေ စုဆုံသွားလို့ပဲ ဖြစ်ပါတယ်။

•        သူငယ်အိမ်စောင်းခြင်း - အလင်းတန်းတွေဟာ အမြင်အာရုံခံလွှာ မျက်နှာပြင်ပေါ်ကို မညီမညာ ကျရောက်နေလို့ပဲ ဖြစ်ပါတယ်။

•        အသက်အရွယ်ကြီးရင့်လာမှုကြောင့် အနီးရှိ အရာ၀တၳုများကို ရှင်းလင်းပြတ်သားစွာ မမြင်ရခြင်း - အလင်းတန်းတွေဟာ မြင်လွှာကိုကျော်ပြီးမှ သွားရောက်စုဆုံတာကြောင့် စာဖတ်ခြင်းနဲ့ အခြားအနီးကပ်ရတဲ့ အလုပ်တွေကို အခက်တွေ့စေနိုင်ပါတယ်။

        ကုသရန် နည်းလမ်းများ - အသက် 18 နှစ်မတိုင်မီနဲ့ အသက် 65 နှစ်နောက်ပိုင်းတွင် မျက်စိစစ်ဆေးခြင်းကို တစ်နှစ်တစ်ကြိမ် ပြုလုပ်သင့်၍ 18 နှစ်နှင့် 65 နှစ်ကြားတွင်မူ 2 နှစ် 1 ကြိမ် ပြုလုပ်သင့်ပါတယ်။ (အခြားမျက်စိနဲ့ ပတ်သက်တဲ့ ပြဿနာမျိုး မရှိဘူးဆိုပါက)

 

Dr. Thinzar Wynn (www.drmyanmar.com)