အမယ်လေး ရင်တုန်လိုက်တာ ...
ဒီလောကကြီးမှာ ရင်မတုန်ဖူးတဲ့လူ ရှိမယ်မထင်ဘူးနော်။
စိတ်ဖိစီးတဲ့အခါလည်း ဖြစ်တတ်သလို လှုပ်လှုပ်ရှားရှား လုပ်တဲ့အချိန်မှာလညး် ဖြစ်တတ်တယ်။ ဆေးတွေ၊ ရောဂါတွေကြောင့်လည်း ရင်တုန်တတ်ပါတယ်။
ရင်တုန်တာဟာ ကြားရတာသာ ကြောက်စရာကောင်းတာ။ ဘာဘေးဥပါဒ်မှ မရှိတာ များပါတယ်။ ဒါပေမဲ့ ရှားရှားပါးပါး ကြောက်ရတာက နှလုံးခုန်သံ မမှန်တဲ့ရောဂါကိုပါ။
>> သတိထားရမယ့် ရောဂါလက္ခဏာတွေကတော့ -
● နှလုံးခုန်သံ ကျော်သွားတာ
● လှပ်လှပ်နဲ့ ခုန်တာ
● နှလုံးခုန် အရမ်းမြန်တာ
● တဒုန်းဒုန်းနဲ့ ခုန်တာ
● တစ်လှည့်စီ ခုန်နေတာ
ရင်ဘတ်ထဲမှာတင် မကဘဲနဲ့ လည်ပင်းထဲမှာပါ ရင်ခုန်တာကို ခံစားနေရတတ်ပါတယ်။ လှုပ်ရှားနေတုန်းတင် မကဘူး။ နားနေတဲ့အချိန်မှာပါ တုန်တတ်တယ်။
လူတိုင်းဖြစ်တတ်တဲ့ အခြေအနေဆိုတော့ ဘယ်အချိန်မှာ စိုးရိမ်ရပြီး ဆရာဝန်နဲ့ ပြရမယ်ဆိုတာ သိထားသင့်တာပေါ့နေ်ာ။
စက္ကန့်ပိုင်းလေးပဲ တစ်ခါနှစ်ခါလောက် ခုန်ဖူးတာကိုတော့ ထည့်စဉ်းစားစရာမလိုဘူး။ ဒါပေမဲ့ နှလုံးရောဂါရှိပြီး ခဏခဏ ရင်တုန်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြဖု့ိ လိုနိုင်တာပေါ့။ နှလုံးတုန်တာ စိုးရိမ်ရ၊ မရကို သေချာသိဖို့ နှလုံးခုန် စမ်းသပ်တဲ့စစ်ဆေးမှုတွေ လုပ်ပေးလိမ့်မယ်။
>> ရင်တုန်တာတစ်ခုတည်း မဟုတ်ဘဲနဲ့
● ရင်ဘတ်အောင့်တာ
● မူးမေ့လဲတာ
● အသက်ရှူကြပ်တာ
● မူးဝေတာတွေပါ တွဲဖြစ်နေရင်တော့ အရေးပေါ်ပြဖို့ လိုလာပြီပေါ့။
>> ဖြစ်ရတဲ့ အကြောင်းရင်းတွေကိုလည်း ပြောပြပါ့မယ်နော်။
● စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ ရုတ်တရက် စိတ်လှုပ်ရှားမှုတွေဖြစ်တာ
● စိတ်ဓာတ်ကျတာ
● လေ့ကျင့်ခန်း အရမ်းလုပ်တာ
● ကဖိန်း၊ နီကိုတင်း၊ ကိုကင်း၊ စိတ်ကြွဆေး၊ pseudoephedrine ပါတဲ့ အအေးမိ ချောင်းဆိုး ပျောက်ဆေးတွေ
● ဖျားတာ
● ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေ
● သိုင်းရွိုက်ဟော်မုန်း ပြောင်းလဲတာ
ဒီလိုအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်တယ်။
တစ်ခါတလေ သိုင်းရွိုက်ဓာတ် များတာ၊ နှလုံးခုန်နှုန်း မမှန်တာ arrthymia စတဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တယ်။
နှလုံးခုန်နှုန်းမမှန်တဲ့ arrthymia ရောဂါဟာ နှလုံးခုန်မြန်တာတင်မကဘဲ နှလုံးခုန် နှေးသွားတာ၊ နှလုံးခုန်မြန်နှေး မမှန်တာတွေလည်း ဖြစ်နိုင်တယ်။
>> ဘယ်သူတွေ နှလုံးတုန်တတ်လဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
● စိတ်ဖိစီးမှု အရမ်းများသူတွေ
● စိတ်ပူပန်လွန်ကဲရောဂါ၊ ရုတ်တရက် ထိတ်လန့်တတ်တဲ့ရောဂါရှိသူတွေ
● ကိုယ်ဝန်ဆောင်တွေ
● ဦးနှောက်လှုံဆော်တတ်တဲ့ဆေးတွေ သောက်နေရသူတွေ
● သိုင်းရွိုက် အရမ်းများနေသူတွေ
● တခြား နှလုံးရောဂါတွေဖြစ်တဲ့ နှလုံးခုန်နှုန်း မမှန်သူတွေ၊ နှလုံး ချို့ယွင်းနေသူတွေ၊ အရင်က နှလုံးရောဂါ ဖောက်ဖူးသူတွေ၊ အရင်က နှလုံးခွဲစိတ်ဖူးသူတွေမှာ ပိုဖြစ်နိုင်တယ်လို့ သိရတယ်။
>> ရင်တုန်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကလည်း ရှိသေးတယ်နော်။
● မူးမေ့လဲခြင်း : နှလုံးက အရမ်းခုန်တော့ သွေးကောင်းကောင်း မညစ်နိုင်တော့ဘဲနဲ့ သွေးပေါင်တွေ ကျသွားတတ်တယ်။ အထူးသဖြင့် မွေးရာပါ နှလုံးရောဂါတွေ၊ နှလုံးအစို့ရှင်ရောဂါတွေမှာ ပိုဆိုးတယ်။
● နှလုံးရပ်ခြင်း : တစ်ခါတလေ ခုန်တာ အရမ်းမြန်လာရင် နှလုံး အခုန်ရပ်သွားတတ်တယ်။ ရှားတော့ ရှားတယ်လို့ ပြောပါတယ်။
● လေဖြတ်ခြင်း : နှလုံးက ကောင်းကောင်းမညစ်ဘဲနဲ့ လှပ်လှပ်လှပ်လှပ်လောက်ပဲ ခုန်နေရင် သွေးတွေ အိုင်လာပြီး သွေးခဲတွေ ဖြစ်လာတတ်တယ်။ အဲဒီသွေးခဲတွေ ပြုတ်ထွက်သွားရင် ဦးနှောက်သွေးကြောထဲ သွားပိတ်တတ်တာလည်း ရှိတယ်။
● နှလုံးညစ်အား နည်းခြင်း : နှလုံး ကောင်းကောင်းမညစ်တာ ကြာလာတဲ့အချိန်မှာ နှလုံးရောဂါ ဝင်သွားတတ်တယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















