/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အများသုံးအိမ်သာ-အသုံးပြုကြရာဝယ်

အများသုံးအိမ်သာ အသုံးပြုကြရာဝယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အများသုံး ဘိုထိုင်အိမ်သာတွေ အသုံးပြုတဲ့အခါ တချို့က မထိမိအောင် ကြွပြီးသွားတတ်ကြပြီး တချို့က အိမ်သာသုံးတစ်ရှူးတွေ သုံးလေ့ရှိပါတယ်။ အင်မတန် အသန့်ကြိုက်သူတချို့ကတော့ အိမ်သာအဖုံးလေးတွေ ဆောင်လာပြီး သုံးလေ့ရှိပေမယ့် ဒီအဖုံးတွေဟာ အံဝင်ကွင်ကျမဖြစ်ဘဲ ရေတစိုစို ရှိနေတတ်တာကြောင့် တကယ်တမ်း ရောဂါပိုးမွှားတွေကို မတားဆီး၊ မကာကွယ်ပေးနိုင်ပါဘူး။

          အိမ်သာအဖုံး သုံးတာပဲဖြစ်ဖြစ်၊ တစ်ရှူးခံ သုံးတာပဲဖြစ်ဖြစ်၊ သူ့မှာပါတဲ့ အပေါက်တွေဟာ ပိုးမွှားတွေ ဖြတ်နိုင်လောက်အောင် ကျယ်နေတာကြောင့် အထပ်ထပ် ခံပြီးသုံးရင်တော့ အနည်းငယ်မျှသော ကာကွယ်မှုတော့ ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် အိမ်သာထိုင်ခုံ အရမ်းညစ်ပတ်နေတာ၊ အရည်တွေ၊ အရာဝတၳုတွေနဲ့ ပေကျံနေတာမျိုးကလွဲလို့ တော်ရုံအိမ်သာတွေဟာ ရောဂါပိုး ကူးစက်စေနိုင်စွမ်း မရှိတတ်ပါဘူး။

          အိမ်သာထဲမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ အရမ်းများတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ တကယ်တမ်းပြောရရင် လက်ကိုင်ဖုန်းတွေမှာ အိမ်သာခုံထက်စာရင် ပိုးမွှား 10 ဆ ပိုများပါတယ်။ သော့၊ ဖိနပ်ကြိုး၊ လက်ကိုင်အိတ်နဲ့ နေ့စဉ်အသုံးပြုကျ ပစ္စည်းတွေမှာလည်း ပုံမှန်ဆေးကြောနေတဲ့ အိမ်သာတွေထက်စာရင် ပိုးမွှားတွေ ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

          လူတစ်ယောက်ဟာ ဖျားနာနေတာ မဟုတ်ခဲ့ရင်  သူ့ရဲ့မစင်မှာ ပါဝင်တဲ့ ပိုးတွေဟာ ဘေးဥပါဒ် မဖြစ်စေနိုင်ပါဘူး။ အိမ်သာခုံတွေမှာ ဒီပိုးမွှားတွေ တွယ်ကပ်နေပြီး ကိုယ့်ရဲ့အရေပြားပေါ် ရောက်ရှိလာရင်တောင် တော်ရုံရောဂါ မဖြစ်စေနိုင်ပါဘူး။ ရောဂါဖြစ်စေနိုင်ဖို့အတွက် ဒီပိုးမွှားတွေဟာ တင်ပါးပေါ်မှာရှိတဲ့ အနာတွေနဲ့ လက်ကနေတစ်ဆင့် ဝင်မှရမှာပါ။

          ဒါကြောင့် အရေးအကြီးဆုံးက လက်ဆေးဖို့ပါပဲ။ အိမ်သာသုံးပြီးတိုင်းနဲ့ အစာမစားခင်တိုင်း လက်ဆေးပေးရင် ရောဂါဘယတွေ ကာကွယ်နိုင်မှာပါ။

          လက်ဆေးခြင်းရဲ့ အရေးပါပုံကို တချို့တွေက သေချာမသိကြတဲ့အတွက် ဖြစ်ကတတ်ဆန်း ဆေးလေ့ ရှိပါတယ်။ ဆပ်ပြာနဲ့ အချိန်အတန်ကြာ ဆေးခြင်းကသာ မှန်ကန်တဲ့လက်ဆေးနည်း ဖြစ်ပါတယ်။

          ဒါ့အပြင် အိမ်သာအဖုံးသုံးခြင်း၊ တစ်ရှူး အပိုသုံးခြင်းကြောင့်  စက္ကူထုတ်လုပ်မှုကို ပိုများစေနိုင်ပြီး ဒါတွေကို ဖျက်ဆီးပစ်ဖို့လည်း ရေပိုလိုတာကြောင့် စွမ်းအင်အရင်းအမြစ်တွေကို ပိုဆုံးရှုံးစေနိုင်ပါတယ်။

          တစ်ခါတလေ ဆီးစစ်ဖို့အတွက် အများသုံးအိမ်သာကို အသုံးပြုရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အိမ်သာအထိုင်နဲ့ မထိဘဲ တင်ပါးကြွပြီးသွားတဲ့အခါ ဆီးအထွက်နည်းပြီး အဖြေမှားတတ်ပါတယ်။

          အများသုံးအိမ်သာသုံးခြင်းရဲ့ ဆိုးကျိုးတစ်ချက်က ရောဂါပိုး ကူးတာ၊ မကူးတာထက် တစ်ပါးသူရဲ့ အညစ်အကြေးတွေ ပေကျံနေတဲ့အခါ ထိချင်ထိုင်ချင်မှာ မဟုတ်ပါဘူး။

          ဒီလိုအခိျန်မိျုးမှာတော့ ဘိုထိုင်အဖုံး၊ အကာလေး သုံးခြင်းက စိတ်သက်သာစေမှ ာဖြစ်ပါတယ်။

          နောက်ဆုံး အချက်တစ်ချက်ကတော့ အိမ်သာ ရေဆွဲချတဲ့အခိျန်မှာ ဘက်တီးရီးယားပိုးမွှားတွေ ရေစက်လေးတွေနဲ့ တွဲခိုပါလာတတ်တာကြောင့် တတ်နိုင်သမျှ ဝေးဝေးနေပါ။ နောက်ပေါ်တဲ့ ဖိအားနည်းအိမ်သာမျိုးမှာတော့ ဒီလိုမဖြစ်အောင် ကာကွယ်ထားပေမယ့် အိမ်သာအဟောင်းတွေမှာတော့ ဖြစ်နိုင်သေးတဲ့အတွက် ရေဆွဲချပြီးတာနဲ့ အိမ်သာထဲက ထွက်သင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)