အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးတယ်ဆိုတာ
တစ်နည်းအားဖြင့် အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ သို့မဟုတ် အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောင်ရမ်းခြင်းလို့လည်း ခေါ်ပါတယ်။
အသည်းပေါ်မှာ အဆီပိုတွေ လာစုပုံနေတဲ့ အခြေအနေတစ်ခုပါ။ ဒီလိုအသည်းမှာ အဆီပုံတာဟာ အရက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အရက်မသောက်သူ၊ အနည်းအကျဉ်းသာသောက်သူတွေမှာဖြစ်တာကို အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်းလို့ ခေါ်တာပါ။
>> အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေ
အသည်းအဆီဖုံးရောဂါဟာ အင်မတန် အဖြစ်များတဲ့ရောဂါဖြစ်ပြီး လူကြီး ၂၀% နဲ့ ကလေး ၅% လောက်မှာ ဖြစ်တတ်ကြပါတယ်။
အသည်းအဆီဖုံးဖြစ်စေတဲ့ အဖြစ်များဆုံးအကြောင်းရင်းကတော့ အဝလွန်ခြင်းပါပဲ။ အဝလွန်နေတဲ့လူကြီး ၂/၃ လောက်နဲ့ ကလေးတစ်ဝက်လောက်မှာ အသည်းအဆီဖုံးရောဂါ ဖြစ်နေပါတယ်။
ပိုဆိုးတဲ့အမျိုးအစားဖြစ်တဲ့ အသည်းအဆီဖုံး ရောင်ရမ်းရောဂါကိုလည်း ၂၀% သော အဝလွန်သူတွေမှာ တွေ့ရပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်းမှာ အဝလွန်ခြင်းဖြစ်နှုန်း မြင့်တက်လာတာမို့ အသည်းအဆီဖုံးရောဂါဖြစ်နှုန်းလည်း မြင့်တက်လာပါတယ်။
>> အသည်းအဆီဖုံးရောဂါဆိုတာ -
အသည်းမှာ အဆီလေးနည်းနည်းပါးပါးရှိတတ်တာ ပုံမှန်ဖြစ်ပြီးတော့ အသည်းကို ထိခိုက်တယ်ဆိုတာ ရှားပါတယ်။ အသည်းအဆီဖုံး ရောင်ရမ်းလာတဲ့အခါမှာတော့ အသည်းဆဲလ်လေးတွေ ရောင်ရမ်းလာပြီး ဒီ့နောက်မှာတော့ အသည်းမှာ အမာရွတ်တွေပါ ဖြစ်လာပါတော့တယ်။
အသည်းအဆီဖုံး ရောင်ရမ်းတာဟာ တဖြည်းဖြည်းနဲ့ အမာရွတ်တွေဖြစ်လာပြီး အသည်းခြောက်တာတွေ၊ အသည်းပျက်စီးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
>> အသည်းအဆီဖုံးစေတဲ့ အကြောင်းရင်းတွေကတော့ -
● အဝလွန်ခြင်း
● ဆီးချို၊ အကြိုဆီးချို၊ အင်ဆူလင် တုံ့ပြန်မှုမကောင်းခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်းကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်များခြင်း၊ သွေးတိုးခြင်း စတဲ့ ဇီဝကမ္မရောဂါစုများ စတာတွေပါပဲ။
>> အသည်းအဆီဖုံးခြင်းရဲ့လက္ခဏာတွေကတော့ -
ယေဘုယျအားဖြင့်တော့ အသည်းအဆီဖုံးခြင်းဟာ ဘာလက္ခဏာမှ မရှိပါဘူး။ ဒါပေမဲ့ တစ်ခါတလေ ညာဘက်ထောင့်နားက ဗိုက်အောင့်တာမျိုး ရှိတတ်ပါတယ်။
ဒါ့အပြင် နုံးတာ၊ ပင်ပန်းနွမ်းနယ်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။
တချို့ကလေးတွေမှာတော့ အသည်းကြီးနေတတ်ပါတယ်။
တချို့လူနာတွေမှာတော့ acanthosis nigricans လို့ခေါ်တဲ့ လည်ပင်းတို့၊ ချိုင်းအောက်တို့မှာ ဂျွတ်တက်သလို အသားမည်းတာမျိုး ဖြစ်တတ်ပါတယ်။
>> အသည်းအဆီဖုံးတာကို ဘယ်လိုသိနိုင်မလဲ?
အဝလွန်နေသူတစ်ယောက်မှာဆို စဉ်းစားသင့်ပါတယ်။ သွေးစစ်ကြည့်ရင် အသည်းအင်ဇိုင်း အနည်းငယ်တက်နေတာကို တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ တော်တော်များများမှာတော့ သွေးစစ်ကြည့်လည်း ပုံမှန်ဖြစ်နေတတ်ပါတယ်။
အာထရာစောင်း ရိုက်ကြည့်လိုက်ရင် အသည်းမှာ အဆီတွေ ဖုံးနေတာတွေ့ရပြီး အသည်းအဆီဖုံးရောဂါလို့ ပြောနိုင်ပါတယ်။
ပိုပြီးတော့သေချာချင်ရင်တော့ အသည်းအသားစယူ စစ်ဆေးကြည့်နိုင်ပါတယ်။ အသားစကို အရောင်ဆိုးပြီးတော့ အဏုမြူမှန်ပြောင်းအောက်မှာ ကြည့်ပြီးစစ်ဆေးကြည့်ရင် မူမမှန်တဲ့အဆီတွေကို အသည်းမှာ တွေ့ရမှာပါ။
>> အသည်းအဆီဖုံးတာကို ဘယ်လိုကုသကြမလဲ?
ကိုယ်အလေးချိန်ကို လျှော့ချပြီး ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစား၊ လေ့ကျင့်ခန်းတွေလုပ်ပေးဖို့ လိုပါတယ်။
အရက်နဲ့ မလိုအပ်တဲ့ဆေးတွေ လျှောက်မသောက်ဖို့လည်း လိုပါတယ်။
ဆီးချိုတို့၊ သွေးတိုးတို့၊ ကိုလက်စထရော တက်နေတာတို့ကိုလည်း တစ်သီးတစ်သန့် ထိန်းသိမ်းကုသဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















