အရက်နှင့် ဓာတ်မတည့်ခြင်း
အရက်နှင့် အရက်ပါ၀င်သော အဖျော်ယာမကာများကို သောက်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာတစ်ခုလုံး နီရဲလာပြီး အင်ပြင်ကွက်များ ထလာတတ်သည့်သူမျိုးကို ကျွန်မတို့ပတ်၀န်းကျင်မှာ မြင်တွေ့ဖူးကြမှာပါ။ အရက်၊ ဘီယာနှင့် ဓာတ်မတည့်သည့် ထိုသူများကို သူတော်ကောင်းသွေးပါသည်ဟု အရပ်ထဲတွင် နောက်ပြောင်တတ်ကြပါတယ်။ တစ်ခုတည်းသော ကာကွယ်နည်းကတော့ အရက်နှင့် အရက်ပါ၀င်သောအရာများကို ရှောင်ရှားပါ။ အချို့သော အရက် ပါ၀င်သည့် ဆေးဝါးများကိုလည်း ရှောင်ရှားရမည် ဖြစ်ပါသည်။
>> ရောဂါလက္ခဏာများ
● မျက်နှာနီမြန်းခြင်း
● အင်ပြင်ကွက်များ ဖြစ်ပေါ်ခြင်း
● ပင်ကိုယ် ပန်းနာရင်ကြပ်ရှိသူများ ပိုမိုဆိုးဝါးလာခြင်း ၊ အသက်ရှူကြပ်ခြင်း
● နှာရည်ယိုခြင်း၊ နှာခေါင်းယားယံခြင်း
● သွေးပေါင်ကျခြင်း
● ပျို့အန်ခြင်း
● ၀မ်းလျှောခြင်း စသည်တို့ ဖြစ်ပါသည်။
>> ဖြစ်ပေါ်စေသော အကြောင်းရင်းများ
သင့်ကိုယ်ခန္ဓာတွင် အရက်တွင် ပါ၀င်သော အဆိပ်အတောက်များကို ဖြိုခွဲပေးမည့် အင်ဇိုင်းများ ချို့တဲ့ခြင်းကြောင့် အရက်နှင့် ဓာတ်မတည့်ခြင်း ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ အချို့သော အာရှတိုက်သားများအနေဖြင့် မျိုးရိုးအလိုက် ဖြစ်ပေါ်တတ်ကြတာလည်း တွေ့ရပါတယ်။
တစ်ခါတစ်ရံတွင် အရက်၊ ဘီယာနှင့် ၀ိုင်များကို ချက်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ၊ အစေ့အဆံများနှင့် ဓာတ်မတည့်သည့်အခါမျိုးမှာလည်း အဆိုပါလက္ခဏာများ ဖြစ်ပေါ်နိုင်ပါတယ်။
Hodgkin’s Lymphoma ဟုခေါ်သော ပြန်ရည်ကြောရောဂါ ခံစားနေရသူများတွင်လည်း အရက်သောက်ပြီး အပြင်းအထန် နာကျင်သော ေ၀ဒနာကို ခံစားရနိုင်ပါတယ်။
>> အန္တရာယ်ရှိသူများ
● အာရှအနွယ်ဖွားများ
● ပန်းနာရင်ကြပ်နှင့် အလာ့ဂျစ် မကြာခဏဖြစ်တတ်သူများ
● ဂျုံ၊ ပြောင်းနှင့် အစေ့အဆံများနှင့် ဓာတ်မတည့်သူများ
● Hodgkin’s Lymphoma ရောဂါရှိသူများ
>> နောက်ဆက်တွဲဆိုးကျိုးများ
● မိုင်ဂရိမ်း ခေါ် ခေါင်းတစ်ခြမ်းကိုက်ခြင်း : အရက်သောက်ခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါဟာ အချို့သော ဘီယာ၊ ၀ိုင်တို့တွင် ပါ၀င်သော ဟစ်စ်တမင်းများကြောင့် ဖြစ်ပါတယ်။ အရက်နှင့် ဓာတ်မတည့်သောအခါတွင်လည်း ကိုယ်ခန္ဓာက ဟစ်စ်တမင်းများကို ထုတ်လွှတ်ပေးတာကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေတတ်ပါတယ်။
● ပြင်းထန်သော အလာ့ဂျစ်ဖြစ်ပေါ်ခြင်း : အရက်နှင့် ဆိုးရွားစွာ ဓာတ်မတည့်သူများတွင် အရက်သောက်ခြင်းကြောင့် အသက်ပါ ထိခိုက်နိုင်သည်အထိ ပြင်းထန်သောအခြေအနေများကို ကြုံတွေ့နိုင်ပါတယ်။
>> ကာကွယ်နည်း
အရက်နှင့် ဓာတ်မတည့်ခြင်း မဖြစ်ပေါ်အောင် ကာကွယ်နိုင်သော နည်းလမ်းမရှိသေးပါဘူး။ အရက်နှင့် အရက်ပါ၀င်သော ဆေးဝါးများ၊ အသုံးအဆောင်များနှင့် ဖျော်ရည်ယမကာများကို ရှောင်ရှားခြင်းဖြင့်သာ ကာကွယ်နိုင်ပါသည်။
မိမိနှင့် ဓာတ်မတည့်သော အစေ့အဆံများ၊ ဓာတုပစ္စည်းများ ပါ၀င်သော အဖျော်ယမကာများကိုလည်း ဂရုတစိုက် ရှောင်ရှားသင့်ပါသည်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















